ထိုင်းတွင် သူနာပြုတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့်ဖြစ်စဉ်၌ လင်ယောကျ်ားဖြစ်သူ၏ ခိုင်းစေမှုကြောင့် ကျူးလွန်ခဲ့ရခြင်းဖြစ်ကြောင်း တရားခံ ဖြောင့်ချက်ပေး

ထိုင်းတွင် သူနာပြုတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့်ဖြစ်စဉ်၌ လင်ယောကျ်ားဖြစ်သူ၏ ခိုင်းစေမှုကြောင့် ကျူးလွန်ခဲ့ရခြင်းဖြစ်ကြောင်း တရားခံ ဖြောင့်ချက်ပေး

ဒီဇင်ဘာ ၁၄ ။                ။ ထိုင်းနိုင်ငံတွင် မုဒိန်းမှုဖြင့် ထောင်ဒဏ်ကျခံနေခဲ့ရပြီး ပြန်လွတ်လာသည်မှာ နှစ်လသာရှိသေးသော အမျိုးသားတစ်ဦးက သူနာပြုတစ်ဦးအား မီးရှို့သတ်ဖြတ်မှုဖြင့် ယခုအခါ ထပ်မံဖမ်းဆီးအရေးယူ ခံထားရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ သူနာပြု၏ ခင်ပွန်းဖြစ်သူက ၎င်းအားငွေပေးကာ သတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း တရားခံက ၀န်ခံထွက်ဆိုသွား ခဲ့သည်ဟုလည်း သိရသည်။

Janjira Kerdkaew အမည်ရ သူနာပြုတစ်ဦးအား သတ်ဖြတ်မှုဖြင့် ချင်းမိုင်မြို့မှ Nirandorn Kaewtaeja ဆိုသူအား ဒီဇင်ဘာလ ၁၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Maharaj Nakorn Chang Mai ဆေးရုံမှ သူနာပြုတစ်ဦးဖြစ်သည့် အသက် ၅၀ အရွယ် Janjira မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်ကတည်းက နေအိမ်မှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး သူမအား ဒီဇင်ဘာ ၁၂ ရက်မှ သီးပင်စားပင်ခြံတစ်ခု၌ မီးရှို့သတ်ဖြတ်ခံထားသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ကနဦးစစ်ဆေးမှုများတွင် Nirandorn က ဘူးကွယ်နေခဲ့သော်လည်း နောက်ဆုံး စေ့စေ့ပေါက်ပေါက် စစ်ဆေးခဲ့ရာတွင်မှ ၀န်ခံသွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

၎င်းက ၀န်ခံထွက်ဆိုရာ၌ Janjira ကို သတ်ဖြတ်ရန် ကြိုတင်အကွက်ချ စီစဉ်ထားခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၉ ရက်က သူမတစ်ဦးတည်း Doi Lo အရပ်ရှိ နေအိမ်သို့ ကားမောင်းပြန်လာစဉ် လမ်းကြံုတားခဲ့ကြောင်းနှင့် သူမ ကားကို ရပ်ပေးစဉ် ကားထဲမှရုတ်တရက် ဆွဲထုတ်ကာ လည်ပင်းညစ်ခဲ့ခြင်း ထွက်ဆိုသွားသည်။ ယင်းနောက် သတိလစ်သွားသော အနီးရှိ ခြံတစ်ခုတွင်းသို့ ဆွဲခေါ်သွားကာ ကားတာယာအဟောင်းများ၊ ရာဘာချပ်များသုံးကာ သူမအားမီးပုံရှို့ခဲ့ကြောင်း ထွက်ဆိုသည်။ ယင်းနောက် Janjira သတိပြန်လည်လာပြီးထွက်ပြေးရန်ကြိုးစားစဉ် တုတ်ဖြင့်ရိုက်ကာ မီးထဲပြန်တွန်းခဲ့ကြောင်း ၎င်းက တစ်ဆက်တည်းမှာပင် ၀န်ခံသွားခဲ့သည်။

ယင်းနောက် မီးခိုးများတွေ့သည့်အတွက်ကြောင့် အနီးအနားမှ နေထိုင်သူများ လာရောက်ကြည့်ရှုစဉ် ၎င်းက သစ်ရွက်ခြောက်များ မီးရှို့နေခြင်းသာဖြစ်ကြောင်းနှင့် ဝေးဝေးမှသာ နေကြရန်   ပြောခဲ့ကြောင်းလည်း ထွက်ဆိုသွားသည်။

Janjira သား သတ်ဖြတ်ရန် ခင်ပွန်းဖြစ်သူ Thanapon Pareesen က ဘတ်ငွေ ၁၀၀,၀၀၀ ပေးမည်ဟုဆိုကာငှားရမ်းခဲ့ကြောင်းနှင့် သတ်ဖြတ်ပြီးစီးချိန်၌ ကတိအတိုင်း ငွေမပေးခဲ့ဘဲ Janjira ၏ ကားကိုသာ ပေးခဲ့ကြောင်း တရားခံကထွက်ဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly