ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူ မြန်မာအကျဉ်းသား အရေအတွက်ကို သံရုံးကစုံစမ်းမည်

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူ မြန်မာအကျဉ်းသား အရေအတွက်ကို သံရုံးကစုံစမ်းမည်

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၄ ။             ။ ထိုင်းဘုရင်သစ် မဟာဝါဇီရလောင်ကွန်း နန်းတက်သည့် အထိန်းအမှတ်အဖြစ် အကျဉ်းသား တစ်သိန်းခန့် လွှတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် မြန်မာနိုင်ငံသား မည်မျှပါ၀င်သည်ကိုသိရှိရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အကျဉ်းထောင်များသို့ သွားရောက်စုံစမ်းမည်ဟု ဆိုသည်။

“ သံရုံးကလည်း အမိန့်ထုတ်ထားပါတယ်။ သံအမတ်ကြီး ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ အကျဉ်းထောင်တွေက မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်တာတွေကို လှည့်လည်ပြီးတော့ စစ်ဆေးဖို့ သံအမတ်ကြီးကနေပြီးတော့ ညွန်ကြားထားတာ ရှိပါတယ်။ မကြာခင်မှာ အဲဒီအတွက် ဆောင်ရွက်ပါလိမ့်မယ်။ ဒီအပတ်ကုန်ထဲဖြစ်မယ်”ဟု လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္စျိမကို ပြောသည်။

ထိုင်းဘုရင်သစ်က အကျဉ်းသားပေါင်း တစ်သိန်းခန့်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ပြီး  အကျဉ်းသား ၃ သောင်းကို ပထမဆုံးအဖြစ်လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က   ကြေညာခဲ့ခြင်းဖြစ်ပြီး ၂၅ ရက်နေ့မတိုင်မီ လွှတ်မြောက်လာနိုင်ကြောင်း သူက ပြောသည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အထဲတွင် မြန်မာနိုင်ငံသား အကျဉ်းသားများလည်း လွှတ်မြောက်နိုင်မည်ဟု မျော်လင့်ထားပြီး အကျဉ်းကျနေသူများကိုလည်း ဥပဒေအကြောင်း အရ ဆက်လက်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သူက ပြောသည်။

“ အကျဉ်းထောင်တွေမှာ သွားပြီးတော့ စုံစမ်းမယ်။ အဲဒီထဲမှာလည်း မြန်မာအလုပ်သမားတွေက ပြစ်ဒဏ်နဲ့ ပတ်သက်လို့ လွှတ်ခွင့်ရှိတဲ့ လူတွေကိုလည်း ဘယ်လို ဆက်လက်  ဆောင်ရွက်ပေးရမယ်ဆိုတဲ့   ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ဆောင်ရွက်ဖို့ပါ။ တော်တော်များများ လွတ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ဘုရင်သစ်၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချခံနေရသူ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ဦးတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ထိုင်းသတင်းများတွင် ထွက်ပေါ်နေသော်လည်း လွှတ်နိုင်ဖွယ် မရှိကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ မနက်မှာ သံအမတ်ကြီးနဲ့ စကားပြောဖြစ်တယ်။ ဒါက တရားဥပဒေအရ တရား ရုံးကနေပြီး အမိန့်ဆုံးဖြတ်ချက်ချပြီး ပြစ်ဒဏ် ကျခံနေတဲ့ လူတွေပဲ ပါတာပါ။ အခုဟာက ကလေးတွေ အယူခံတက်နေ တုန်းပါ။ အယူခံတောင်မှ မကျေနပ်ကြလို့ ရှိရင် အထက်ရုံးကို ပြန်တင်ရမှာပါ” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးနှင့်အဖွဲ့သည် ပထမဆုံးအနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ကော့စမွီ၊ စူရဌာနီ အကျဉ်းထောင်များသို့ သွားရောက် စုံစမ်းမည်ဖြစ်ပြီး ထိုင်းတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များသို့ သွားရောက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

ထီးနန်းစံသက် နှစ် ရ၀ ရှိသော အသက် ၈၈ နှစ် ထိုင်းဘုရင် ဘူမိဘောသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက် နေ့က ကံတော်ကုန်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်က လစ်လပ်နေသည့် ထီးနန်းကို သားတော် အိမ်ရှေ့မင်းသား မဟာဝါဇီရလောင်ကွန်အား လွှဲအပ်လိုက်ပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly