သမ္မတဖြစ်လာခဲ့သည့်အပေါ် နောင်တရနေမိဟု ဒူတာတေး ဖွင့်ဟ

သမ္မတဖြစ်လာခဲ့သည့်အပေါ် နောင်တရနေမိဟု ဒူတာတေး ဖွင့်ဟ

ဒီဇင်ဘာ ၁၄ ။                  ။ အကယ်၍များ အချိန်တွေကိုသာ နောက်ပြန်ဆွဲ၍ရမည်ဆိုပါက လက်ရှိရာထူးကို ရယူချင်စိတ်ရှိတော့မည်မဟုတ်ကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ဖွင့်ဟပြောဆိုသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိ သမ္မတတာဝန်ကို ရယူထားရခြင်းမှာ လွန်စွာခြေကုန်လက်ပန်းကျစရာကောင်းနေပြီး လစာရရှိမှုနှုန်းမှာလည်း နည်းပါးလှကြောင်း ဒူတာတေးက ငြီးတွားပြောဆိုသွားသည်ဟုလည်း သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်က မနီလာမြို့ရှိ သမ္မတအိမ်တော်တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ပြောကြားရာတွင် ဒူတာတေးက " နောက်ခြောက်နှစ်အထိ ကျွန်တော်ဒီနေရာမှာ ဆက်ရှိနေနိုင်မလားဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါဘူး၊ ကျွန်တော် ဒီနေရာကနေ ဆင်းဖို့ အဆင့်သင့်ပါပဲ၊ သမ္မတ ပဲဖြစ်ဖြစ် ရာထူးအာဏာပဲဖြစ်ဖြစ် ဘာကိုမှ အစွဲအလမ်းမထားတတ်ပါဘူး" ဟု  ၎င်းက ပြောသွားသည်။

အလားတူ လက်ရှိဖိလစ်ပိုင်သမ္မတတစ်ဦး၏ လစဉ်ရရှိနေသည့် လစာနှုန်းထားဖြစ်သော ပီဆို ၁၃၀,၀၀၀ (ဒေါ်လာ ၂,၆၀၀) မှာလည်း လွန်စွာနည်းပါးနေသည်ဟု ထင်မြင်မိကြောင်းလည်း ၎င်းက ပြောကြားထားသည်။

သို့ရာတွင်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလက ပြည်သူများအား ပေးထားခဲ့သည့် ကတိကဝတ်အားလုံးကိုတော့ ပြည့်မြောက်အောင် ဖြည့်ဆည်းပေးသွားချင်သည်ဟု ဒူတာတေးက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly