F-35 တိုက်လေယာဉ်တွေရဲ့ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ဒေါ်နယ်ထရန့်က ဝေဖန်လိုက်ပြီးနောက် Lockheed Martin ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးတွေ ကျဆင်း

F-35 တိုက်လေယာဉ်တွေရဲ့ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ဒေါ်နယ်ထရန့်က ဝေဖန်လိုက်ပြီးနောက် Lockheed Martin ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးတွေ ကျဆင်း

ဒီဇင်ဘာ ၁၃ ။               ။ လေယာဉ်ထုတ်လုပ်ရေးနှင့် စစ်ဘက်လုံခြံုရေးအဆင့်မြင့်နည်းပညာကုမ္ပဏီ Lockheed Martin ၏ F-35 တိုက်လေယာဉ်ထုတ်လုပ်မှု အစီအစဉ်အပေါ် ရွေးကောက်ခံ သမ္မတ   ဒေါ်နယ်ထရန့်က တွစ်တာကတဆင့် ပြစ်တင်ပြောကြားသွားပြီးနောက် အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုးများ ထိုးကျသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗဟိုအစိုးရနှင့် ကုမ္ပဏီတို့ချုပ်ဆိုထားသည့် F-35 လေယာဉ်စာချုပ်နှင့်ပတ်သက်၍ ထရန့်က ပြစ်တင်ဝေဖန်သွားပြီးနောက်ပိုင်း နယူးယောက်စတော့အိတ်စ်ချိန်း ကုန်သွယ်မှုပိုင်းတွင် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

" F-35 လေယာဉ် ပရိုဂရမ်နဲ့ ကုန်ကျစရိတ်ပိုင်းကတော့ ထိန်းမနိုင် သိမ်းမနိုင်အောင်ပါပဲ၊ ဇန်နဝါရီလ ၂၀ ရက်နောက်ပိုင်းမှာတော့ စစ်တပ်နဲ့ အခြားသက်ဆိုင်တဲ့ ၀ယ်ယူမှုတွေမှာ ဒေါ်လာငွေတွေ   ချွေတာနိုင်အောင် လုပ်ရပါလိမ့်မယ်" ဟု ထရန့်က တွစ်တာတွင် ရေးသားသွားခဲ့သည်။

ယင်းသို့ ဝေဖန်မှုများနှင့် ရင်ဆိုင်လိုက်ရပြီးနောက် နယူးယောက်စတော့စျေးကွက်၌ Lockheed Martin ၏ ရှယ်ယာတန်ဖိုးပိုင်းတွင် ဒေါ်လာ ၁၁ ဒသမ ၀၉ သို့မဟုတ် ၄ ဒသမ ၂၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

သို့သော် ယင်းကိစ္စနှင့်စပ်လျင်း၍ ရွေးကောက်ခံသမ္မတနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်ကလည်း တုန့်ပြန်ပြောဆိုသွားသည်။ " ဒီပရိုဂရမ်နဲ့ပတ်သက်လို့   ရွေးကောက်ခံသမ္မတရဲ့   မေးခွန်းထုတ်မှုတွေကို ဖြေရှင်းရမယ့်အခွင့်အရေး ရလို့ ကျွန်တော်တို့ဘက်ကလည်း ကြိုဆိုမိပါတယ်" ဟု Lockheed Martin ၏ F-35 ပရိုဂရမ် အထွေထွေမန်နေဂျာ ဂျက်ဖ်ဘာဘီအွန်နီက ပြောသည်။

နိုင်ငံတွင်အကြီးဆုံး စစ်ဘက်ကန်ထရိုက်တာများမှ တစ်ဦးအပါအဝင်ဖြစ်သည့် Lockheed Martin နှင့် ပင်တဂွန်တို့အကြား ပြီးခဲ့သည့်လကမှ နောက်ထပ် F-35 လေယာဉ်ပရိုဂရမ်တစ်ခုအတွက် ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံတန်သဘောတူညီချက်တစ်ခုကို ရရှိထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly