အီးယူနှင့် ကျူးဘားတို့အကြား နိုင်ငံရေးရာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး

အီးယူနှင့် ကျူးဘားတို့အကြား နိုင်ငံရေးရာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး

ဒီဇင်ဘာ ၁၃ ။             ။ ယခင်ကာလများအတွင်းက ချမှတ်ထားသည့် ကန့်သတ်ချက်များ ပြေလျော့စေပြီး နှစ်ဘက်အကြား အပြန်အလှန် ဆွေးနွေးပူးပေါင်းနိုင်မည့် နိုင်ငံရေးရာ သဘောတူညီချက် စာချုပ်တစ်ခုကို ဥရောပသမဂ္ဂနှင့် ကျူးဘားတို့ လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်း စာချုပ်လက်မှတ်ရေးထိုးလိုက်ခြင်းနှင့်အတူ ယခုအခါ ကျူးဘားအပေါ် တင်းကျပ်စွာချမှတ်ထားသည့် အီးယူအဖွဲ့၏ ကန့်သတ်ချက်များလည်း အဆုံးသတ်သွားခဲ့ပြီဟု ယူဆရသည်။

ယင်း သဘောတူညီချက်စာချုပ်ကို ဥရောသမဂ္ဂ၏ နိုင်ငံခြားရေးရာ အထူးကိုယ်စားလှယ် ဖက်ဒယ်ရီကာ မိုဟာရီနီနှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်စ်တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း   ဖြစ်ပြီး  အီးယူအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

ယခုသဘောတူညီချက်နှင့်အတူ ကျူးဘားနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်ကို အသိအမှတ်ပြုပါကြောင်းနှင့် အီးယူအနေဖြင့် ကျူးဘား၏ အသွင်ကူးပြောင်းမှုအပေါ် ထောက်ခံ အားပေးမည်ဖြစ်ကာ နှစ်ဘက်ဆက်ဆံမှုပိုင်း အဆင့်သစ်တစ်ခုအဖြစ် ဖန်တီးဖော်ဆောင်သွားမည်ဖြစ်ကြောင်း မိုဟာရီနီက ပြောသွားသည်။

တစ်ဘက်တွင်လည်း ယခုစာချုပ်အရ နိုင်ငံရေး၊ လူမှုရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ အားကစားနှင့် ပူးပေါင်းရေး ကိစ္စရပ်များတွင် နှစ်ဘက်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly