ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ရီးယဲလ်အသင်း ဂျပန်နိုင်ငံသို့ ရောက်ရှိ

ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ရီးယဲလ်အသင်း ဂျပန်နိုင်ငံသို့ ရောက်ရှိ

ဒီဇင်ဘာ ၁၂၊ တိုကျို ။               ။ ချန်ပီယံလိဂ် ချန်ပီယံရီးယဲလ်အသင်းသည် ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

နည်းပြဇီဒန်း၏ ရီးယဲလ်အသင်းသည် တနင်္လာနေ့က ပြည်တွင်းစံတော်ချိန် နံနက် ၅ နာရီတွင် တိုကျိုမြို့၊ ဟာနီဒါလေဆိပ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ ရီးယဲလ်အသင်း၏ ကစားသမား ၂၃ ဦးစာရင်းတွင် ဂါရတ်ဘေးလ်မှ လွဲ၍ အဓိက ကစားသမားများဖြစ်သော စီရော်နယ်ဒို၊ ဘန်ဇီမာ၊ ရာမို့စ်၊ တိုနီခရုစ်၊ လူကာမိုဒရစ်၊ မိုရာတာတို့ အားလုံးပါ၀င်ခဲ့ကြသည်။

ရီးယဲလ်နည်းပြ ဇီဒန်းမှာ ဖီဖာကမ္ဘာ့ကလပ်ဖလားကို အရယူရန် ပြင်ဆင်ထားသည့်ဟန်ရှိပြီး ပြီးခဲ့သည့် ဒီပို့တီဗိုနှင့်ပွဲစဉ်တွင် စီရော်နယ်ဒို၊ ဘန်ဇီမာ၊ မိုဒရစ်စသော အဓိက ကစားသမားများကို အနားပေးထားခဲ့သည်။

ရီးယဲလ်အသင်းသည် ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲဆီမီးဖိုင်နယ်အဖြစ် မက္ကဆီကိုကလပ် ကလပ်အမေရိကအသင်းနှင့် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အနိုင်ရခဲ့ပါက ကိုလံဘီယာကလပ် အက်သလက်တီကိုနေစီယွန်နယ်နှင့် ဂျပန်ကလပ် ကာရှီမာအန်တလာအသင်းတို့မှ အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲ ကစားရမည် ဖြစ်သည်။

ရီးယဲလ်အသင်းမှာ ၂၀၁၄ ခုနှစ်က အာဂျင်တီးနားကလပ် ဆန်လိုရန်ဇိုအသင်းကို အနိုင်ရရှိပြီး ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားကို တစ်ကြိမ် ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly