ချယ်လ်ဆီးအသင်း အမှတ်လျှော့ခံရမည်ဆိုသည်မှာ ဟာသပြောခြင်းသာ ဖြစ်မည်ဟု နည်းပြကွန်တီပြော

ချယ်လ်ဆီးအသင်း အမှတ်လျှော့ခံရမည်ဆိုသည်မှာ ဟာသပြောခြင်းသာ ဖြစ်မည်ဟု နည်းပြကွန်တီပြော
 

ဒီဇင်ဘာ ၁၂၊ အင်္ဂလန် ။                      ။ မန်စီးတီးအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်မှ ဖြစ်ရပ်ကြောင့် ချယ်လ်ဆီးအသင်း အမှတ်လျှော့ခံရဖွယ်ရှိသည်ဟု ပြောဆိုနေခြင်းများမှာ ဟာသပြောခြင်းသာ ဖြစ်မည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးတိုက်စစ်မှူး အဂူရိုမှာ ချယ်လ်ဆီးနောက်ခံလူ လူးဝစ္စကို ကြမ်းတမ်းစွာဖျက်ထုတ်ရာမှ နှစ်ဖက်အသင်းသားများအချင်းများခဲ့ကြခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် မန်စီးတီးမှ အဂူရိုနှင့် ဖာနန်ဒင်ဟိုတို့ထုတ်ပယ်ခံခဲ့ရပြီး မန်စီးတီးနှင့်ချယ်လ်ဆီးနှစ်သင်းစလုံးမှာ ကစားသမားများကို ထိန်းသိမ်းမှုအားနည်းခဲ့သည့်အတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စွဲချက်တင်အရေးယူခြင်းကို ခံခဲ့ရသည်။

ချယ်လ်ဆီးအသင်းမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှ ယခုအချိန်အထိ အတောအတွင်း ငါးကြိမ် စွဲချက်တင်ခံခဲ့ရသည့်အတွက် အမှတ်လျှော့ခံရဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ဖြစ်လာပါက ၁၉၉၀ ခုနှစ်က အာဆင်နယ်နှင့် မန်ယူတို့နောက်ပိုင်း အမှတ်လျှော့ခံရသည့်ပထမဆုံးအသင်းဖြစ်လာမည် ဖြစ်သည်။

သို့သော် ချယ်လ်ဆီးနည်းပြကွန်တီက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းအား ဟာသပြောဆိုနေခြင်းလားဟု မေးခွန်းထုတ်ခဲ့သည်။ ‘မန်စီးတီးနဲ့ချယ်လ်ဆီးပွဲက ပြီးသွားခဲ့ပါပြီ။ ဖြစ်ခဲ့တဲ့ ပြဿနာမှာ ကျွန်တော့်ကစားသမားတွေက အခြေအနေအေးဆေးတည်ငြိမ်ဖို့ ကြိုးစားခဲ့တာပါ။ အမှတ်လျှော့ခံရမယ်။ ခင်ဗျားကျွန်တော့ကို ဟာသပြောနေတာလား။ ဘယ်အသင်းက မှားခဲ့တယ်ဆိုတာ ခင်ဗျား ရိုးရိုးသားသားနဲ့ ခင်ဗျား နားလည်နိုင်ပါတယ်။

အရင်က မှတ်တမ်းဆိုးတွေရှိခဲ့တယ်ဆိုပေမယ့် အခုအသင်းက အရင်ကအသင်းနဲ့ ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေအားလုံးကို တိုးတက်ကောင်းမွန်အောင် ကြိုးစားနေတာပါ’ ဟု ကွန်တီက ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်း ကိုးပွဲဆက် အနိုင်ရခြင်းနှင့် ပတ်သက်၍လည်း ကွန်တီက ၎င်းအနေဖြင့် မှတ်တမ်းများကို စိတ်မဝင်စားကြောင်းနှင့် ပွဲတိုင်းတွင် သုံးမှတ်ရရန်သာ ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly