ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်ယူအသင်း၏ပွဲစဉ် ၂ ပွဲကို အမ်ခီတာရန် လွဲချော်မည်

ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်ယူအသင်း၏ပွဲစဉ် ၂ ပွဲကို အမ်ခီတာရန် လွဲချော်မည်

ဒီဇင်ဘာ ၁၂၊ အင်္ဂလန်   ။               ။ စပါးအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်ယူကွင်းလယ်ကစားသမား အမ်ခီတာရန်သည်လာမည့် ပွဲစဉ် ၂ ပွဲကို လွဲချော်မည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက အတည်ပြု ပြောဆိုလိုက်သည်။

ရာသီအစပိုင်းက ပုံမှန်ခြေစွမ်းရရန်ရုန်းကန်နေရသည့် အမ်ခီတာရန်သည် ဇော်ရာအသင်းနှင့်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့သလို စပါးနှင့်ပွဲတွင်လည်း တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။

သို့သော် စပါးနောက်ခံလူ ဒန်နီရို့စ်၏ဖျက်ထုတ်မှုကြောင့် အမ်ခီတာရန်မှာ ခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့ပြီး ထမ်းစင်ဖြင့် ကွင်းအတွင်းမှ သယ်ထုတ်သွားခဲ့ရသည်။ မန်ယူနည်းပြ မော်ရင်ဟိုက အမ်ခီတာရန်၏ဒဏ်ရာမှာ အလွန်ဆိုးရွားခြင်းမရှိဘဲ ပွဲစဉ် ၂ ပွဲလောက်သာ လွဲချော်မည်ဟု ပြောသည်။

‘အမ်ခီတာရန်ရဲ့ ဒဏ်ရာက အန္တရာယ်ရှိပုံမပေါ်ပါဘူး။ ခွဲစိတ်ဖို့လိုမယ်လည်းမထင်ပါဘူး။ Boxing day နေ့မှာ သူပြန်ကစားနိုင်မယ် ထင်ပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ စိတ်ဓာတ်ပိုင်းနဲ့ကြံ့ခိုင်မှုက ကစားသမားအပေါ်မှာပဲ မူတည်ပါတယ်။ အမ်ခီတာရန်ရဲ့ ဒဏ်ရာက မကြီးမားဘူးလို့ မျှော်လင့်ပါတယ်’ ဟု နည်းပြ မော်ရင်ဟိုက ပြောခဲ့သည်။

မော်ရင်ဟို၏ ပြောဆိုမှုအရ အမ်ခီတာရန်မှာ ဒီဇင်ဘာ ၁၄ တွင်ကစားရမည့် ပဲလေ့စ်နှင့်ပွဲစဉ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကစားရမည့် ၀က်စ်ဘရွန်းနှင့်ပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags