၁၀၀ တန်ငွေစက္ကူများကို နိုင်ငံသုံးငွေကြေးစနစ်အတွင်းမှ ဖယ်ထုတ်ရန် ဗင်နီဇွဲလား သမ္မတ ညွှန်ကြား

၁၀၀ တန်ငွေစက္ကူများကို နိုင်ငံသုံးငွေကြေးစနစ်အတွင်းမှ ဖယ်ထုတ်ရန် ဗင်နီဇွဲလား သမ္မတ ညွှန်ကြား

ဒီဇင်ဘာ ၁၂ ။           ။ နိုင်ငံတွင် လည်ပတ်အသုံးပြုနေလျက်ရှိသည့် ငွေကြေးစနစ်အတွင်းမှ ၁၀၀ တန် ငွေစက္ကူများကို အမြန်ဆုံး ဖယ်ရှားသွားရေး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက ဗဟိုဘဏ်ကို ညွှန်ကြားလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းစီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြည်ပမှ ဥပဒေမဲ့အဖွဲ့အစည်းများက ယင်း ၁၀၀ တန်ငွေစက္ကူများကို အမြောက်အမြား သိုလှောင်သိမ်းဆည်းထားခြင်းကို တားဆီးနိုင်ရန် ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတက ပြောသည်။

ယင်းအပြင် နိုင်ငံစီးပွားရေးကို မငြိမ်မသက်ဖြစ်စေရန် ကြိုးပမ်းအားထုတ်နေကြသူများထဲတွင်  ဘဏ်တစ်ချို့ပင် ပါ၀င်နေခဲ့ကြောင်းနှင့် နိုင်ငံသုံးငွေကြေးကို ပစ်မှတ်ထားနေခဲ့သည့် အစီအစဉ်   နောက်ကွယ်၌ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငှားရမ်းထားသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုရှိနေကြောင်း ၎င်းက ပြောဆိုသွားသည်။

" နောက် ရ၂ နာရီအတွင်း ဒီငွေစက္ကူတွေကို လည်ပတ်မှုကနေ ဖယ်ရှားသွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တာပါ၊ ဒီငွေတွေ လက်ထဲမှာ ကိုင်ထားကြသူတွေအတွက်ကတော့ ဗဟိုဘဏ်ကို သတင်းပို့ဖို့ သင့်တော်တဲ့အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပေးသွားမှာပါ" ဟု ၎င်းက ပြောသွားသည်။

စုံစမ်းစစ်ဆေးမှုများအရ ပြည်ပနိုင်ငံတစ်ချို့ဖြစ်သည့် ကိုလံဘီယာ၊ ဘရာဇီး၊ ဂျာမနီ၊ ချက် နှင့် ယူကရိန်းနိုင်ငံတို့ရှိ ဂိုဒေါင်များတွင် ဥပဒေမဲ့အဖွဲ့များက ယင်း ၁၀၀ တန်ငွေစက္ကူများကို သိုလှောင်ထား ကြသည်ကို  သိရှိထားကြောင်း မာဒူရိုက တစ်ဆက်တည်းမှာပင် ပြောကြားသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags