ကိုင်ရိုက အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတွင် ဗုံးကွဲမှုဖြစ်၍ လူ ၂၅ ဦး သေဆုံး

ကိုင်ရိုက အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတွင် ဗုံးကွဲမှုဖြစ်၍ လူ ၂၅ ဦး သေဆုံး

ကိုင်ရို၊ ဒီဇင်ဘာ ၁၂ ။             ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၄၉ ဦးဒဏ်ရာရကာ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး နှစ်များစွာအတွင်း နိုင်ငံတွင်း၌ သေဆုံးမှု အများဆုံးသော တိုက်ခိုက်မှုလည်းဖြစ်သည်။

သမ္မတ ဖာတက်ရှ်အယ်လ်စီစီက ဆင်းရဲသားများအတွက် စိတ်ဆိုးဒေါသထွက်စေသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ မွတ်စလင်ညီအစ်ကိုများ အဖွဲ့ကို ဖြိုခွင်းမှုများ ရှိနေစဉ် ယခုတိုက်ခိုက်မှု   ဖြစ်ပွားခြင်းလည်းဖြစ်သည်။ တစ်ချိန်တည်း၌ အိုင်အက်စ်အဖွဲ့ အီဂျစ်လက်ခွဲဖြစ်သည့် သောင်းကျန်းသူများက မြောက်ပိုင်းဆိုင်းနိုင်းကျွန်းဆွယ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
အီရတ်နှင့် ဆီးရီးယား အမာခံမြေများတွင် အိုင်အက်စ်တို့က အရေးနိမ့်လျက်ရှိစဉ် အဆိုပါ စစ်သွေးကြွသောင်းကျန်းသူအဖွဲ့က ကိုင်ရိုတွင် တိုက်ခိုက်မှုများ ဆင်နွှဲလျက်ရှိပြီး ၎င်းအား   ထောက်ခံသူများကိုလည်း ကမ္ဘာတစ်ဝန်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းသည်။

ယခုဘုရားကျောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ၎င်းတို့လုပ်ဆောင်ကြောင်း မကြွေးကြော်သော်လည်း ပြည်ပြေးမွတ်စလင်ညီအစ်ကိုများနှင့် ဌာနေအခြေစိုက် စစ်သွေးကြွအုပ်စုများက ကျုးလွန်ခြင်းဖြစ်သည်ဟု အပြစ်ဆိုထားသည်။ အိုင်အက်စ်တို့ကလည်း လူမှုမီဒီယာတွင် ယခုတိုက်ခိုက်မှုကို ကောင်းချီးပေးခဲ့သည်။

အမေရိကန်က ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်ရန် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အီဂျစ်နိုင်ငံ၏  လုံခြံုရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သည်။

ကုလသမဂ္ဂလုံခြံုရေးကောင်စီက နိုင်ငံအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ယခုတိုက်ခိုက်မှု ကျုးလွန်သူများကို အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly