မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်ဟု သတ်မှတ်ခြင်းက အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အဟန့်အတားဖြစ်စေဟု UNFC ပြော

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်ဟု သတ်မှတ်ခြင်းက အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အဟန့်အတားဖြစ်စေဟု UNFC ပြော
Photo - Shan State Government Website

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၁ ရက် ။            ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ရှမ်းပြည်နယ်လွတ်တော်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းကြောင့် လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးဆောင်သည့် အစိုးရက ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတား အနှောက်အယှက် များစွာဖြစ်စေကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောဆိုလိုက်သည်။

ယင်းအပြင် ရှမ်းပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် လွှတ်တော်နှင့် အစိုးရကြား လုပ်ဆောင်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ၎င်းက ဆိုလိုက်သည်။

“အထူးသဖြင့် လက်ရှိ အန်အယ်ဒီ အစိုးရ ဦးဆောင်တဲ့အစိုးရ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လွှတ်တော်ကနေပြီးတော့ ဝင်ရောက် စွတ်ဖက်ပြီးတော့ ဥပဒေအကြောင်းအရ တစုံတရာ သက်ဝင်သွားအောင် ဝင်ရောက်ပြီး လုပ်ဆောင်နေသလိုတော့ ဖြစ်တာပေါ့။ ဆိုတော့ အစိုးရက လုပ်ဆောင်နေတဲ့ဟာတွေကို လွတ်တော်က သဘောထားမပါ သလိုလဲ ဖြစ်နေတယ်ဆိုတဲ့ သဘောမျိုးလည်း သက်ရောက်တယ်ပေါ့လေနော်။ အဲတော့ တခါတရံမှာ check and balance နဲ့ပတ်သက်ပြီးလို့ လွှတ်တော်နဲ့ အစိုးရ ကြားထဲမှာ ဆက်သွယ်မှု လမ်းကြောင်းတွေက ဘယ်လို အနေအထားမျိုး ရှိသလဲဆိုတာတော့ မေးခွန်းထုတ်စရာတော့ ဖြစ်တာပေါ့နော်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ကချင်လွတ်လပ်ရေးတပ်(KIA)၊ တအာင်းအမျိုးသားလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ရက္ခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ရှမ်းပြည်နယ် လွှတ်တော်က ပြန်လည် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်း မဟာမိတ်တပ်များဖြစ်သော ပြည်နယ် လွှတ်တော်က ပြည်ထောင်စု လွှတ်တော်အပေါ် အာဏာလွှမ်းမိုးမှု ပိုမိုပေးထားသလားဟူ၍ သုံးသပ်စရာ ရှိနေပြီး မေးခွန်းထုတ်စရာလည်း ရှိနေသည်ဟု သူက ပြောသည်။

“ပြည်ထောင်စုလွှတ်တော်ကို ပြည်နယ်လွှတ်တော်တွေက ဘယ်လိုလွှမ်းမိုးသလဲ။ အခုအချိန်မှာ ပြည်ထောင်စု လွှတ်တော်ထက် ပြည်နယ်လွှတ်တော်တွေကို အာဏာပိုပြီး ပေးထားသလား သုံးသပ်စရာရှိပေါ့နော်။”ဟု သူက ပြောသည်။

ဒီဇင်ဘာလ ၆ ရက်က ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လားရှိူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက တင်သွင်းသည့် အဆိုကို ဒီဇင်ဘာလ ရ ရက်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလအတွင်း UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ထပ်မံ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းမှုများရှိသော်လည်း အချိန် ညှိနှိုင်းနိုင်ခြင်း မရှိသဖြင့်် ယနေ့ထိ ပြန်လည် မတွေ့ဆုံနိုင်သေးပေ။

DNP က ဒီဇင်ဘာလ ၄ ရက်နောက်ပိုင်း တွေ့ဆုံရန် တင်ပြခဲ့သော်လည်း ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ မအားလပ်သဖြင့် တွေ့ဆုံနိုင်ခြင်း မရှိဘဲ ဒီဇင်ဘာလ ၁၂ ရက် နောက်ပိုင်း တွေ့ဆုံရန်   ပြန်လည်ပြောဆိုခဲ့သည်။   သို့သော် ထိုရက်တွင် DNP ဘက်မှ အဆင်မပြေသဖြင့် နှစ်ဖက် တွေ့ဆုံမှုကို ညှိနှိုင်းနေရဆဲဖြစ်သည်ဟု ခူဦးရယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly