ကစားသမားခြောက်ဦးထိ လူစားလဲခွင့်ရရန် ဂွာဒီယိုလာ ဆန္ဒရှိ

ကစားသမားခြောက်ဦးထိ လူစားလဲခွင့်ရရန် ဂွာဒီယိုလာ ဆန္ဒရှိ

ဒီဇင်ဘာ ၁၀၊ မန်ချက်စတာ။             ။ ဖီဖာအနေဖြင့် ကစားသမားများ ပင်ပန်းမှုသက်သာစေရန် လူစားလဲခွင့်ကို လေးဦးမှ ခြောက်ဦးထိ ခွင့်ပြုရန်စဉ်းစားသင့်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာက ဆိုသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် ယခုတစ်ပတ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း ၄၈ သင်းကို သုံးသင်းစီခွဲပြီး ၁၆ အုပ်စုဖြင့် ကျင်းပမည့်အဆိုကို အတည်ပြုဆွေးနွေးမည်ဖြစ်သည်။

အသက် ၄၅ နှစ်ရှိ ဂွာဒီယိုလာက ပွဲများပိုမိုများပြားလာသည့် ပွဲစဉ်ဇယားတစ်ခုမှာ ကစားသမားများကို သတ်လိမ့်မည်ဟု ဆိုသည်။

“သူတို့က ပိုပိုပြီး အာရုံစိုက်ရတဲ့အခါ ခြေစွမ်းကို ထိခိုက်လာနိုင်တယ်။ ကျွန်တော်က ကစားသမားတွေအတွက် စဉ်းစားပေးတာပါ။ သူတို့ အသက်ရှူချောင်ဖို့၊ အနားရဖို့နဲ့ ကစားရတာ ပျော်ဖို့လိုပါတယ်။

အခု သုံးယောက်လူစားလဲခွင့်ရှိနေတာ ဘာလို့ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်ထိလဲလို့ မရနိုင်ရမှာလဲ။ ကစားသမား တွေအားလုံးအနေနဲ့ အရင်ကထက်ပိုပြီး ပါဝင်ကစားခွင့်ရလာမယ်။ နည်းပြတွေလည်း နည်းစနစ်အမျိုးအမျိုး သုံးလို့ရလာနိုင်မယ်” ဟု ဂွာဒီယိုလာက ဆိုသည်။

လူစားလဲခွင့်ရသည့် အရေအတွက်ပိုအများလာခြင်းဖြင့် ကစားသမားများ ဒဏ်ရာရမှုနည်းသွားခြင်း၊ ပွဲပိုမိုမြိုင်ဆိုင်လာခြင်းစသည့် အကျိုးကျေးဇူးများရလာပြီး အရာရာပိုကောင်းသွားမည်ဟုလည်း ဂွာဒီယိုလာက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly