မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကြောင့် ကုန်စည် စီးဆင်းမှုများ နှောင့်နှေး

မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကြောင့် ကုန်စည် စီးဆင်းမှုများ နှောင့်နှေး

စစ်တွေ၊ ဒီဇင်ဘာ ၉ ။                ။ ရခိုင်နယ်စပ် မောင်တောခရိုင်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ဘူးသီးတောင်-စစ်တွေ ရေကြောင်းလိုင်း ကုန်စည်စီးဆင်းမှုများမှာ နှောင့်နှေး ကြန့်ကြာမှုနှင့် ရင်ဆိုင်နေရကြောင်း ပြည်နယ်ရေကြောင်း ပို့ဆောင်ရေးဌာန လက်ထောက် ရေကြောင်းမှူးချုပ် ဦးအောင်ကျော်စိုးက ပြောသည်။

“ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တော့ ဘူးသီးတောင် သင်္ဘောဆိပ်မှာ ကုန်တင်ကုန်ချလုပ်နေတဲ့ အလုပ်သမားတွေ က စောစော ပြန်ရတဲ့အတွက် အလုပ်တွေက နဂိုလုပ်နေသလို ပုံမှန်မဖြစ်တော့ဘူး။ ကုန်တွေက သင်္ဘောပေါ် အချိန်မီ မရောက်နိုင်တော့ ကုန်ရဖို့ တစ်ညအိပ်ပြီး စောင့်နေရတယ်”ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ဘူးသီးတောင်-စစ်တွေရေကြောင်း သင်္ဘောများမှာ ရခိုင်ပြည်နယ်အတွင်း ကုန်စည်များအား အဓိကတင်ပို့နေရခြင်း ဖြစ် သည်။

အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော နယ်စပ်မတည်မငြိမ်မှုများကြောင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ည ၆ နာရီမှ နံနက် ၆ နာရီအထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသသို့ ပြေးဆွဲနေသည့် စစ်တွေ-ပေါက်တော-မြေပုံ- ကျောက်နီ မော်-ရမ်းဗြဲ-ကျောက်ဖြူ-တောင်ကုတ်လိုင်းအား ရပ်နားထားရသည့်အတွက် ယင်းဒေသများနှင့် ဆက်စပ် လျက်ရှိသည့် ပို့ကုန်လုပ်ငန်းများမှာ မော်တော်ငယ်များနှင့် ကုန်းလမ်းကြောင်းကို အဓိက အသုံးပြုနေကြရသဖြင့် တချို့အသေးစား လုပ်ငန်းများမှာ အခက်အခဲရှိနေကြသည်။

“ ကုန်စိမ်းသမားတွေနဲ့ တနိုင်တပိုင် ကုန်သည်တွေပေါ့။ သူတို့က မော်တော်တွေနဲ့ သွားလို့အဆင်မပြေဘူး။ အဲဒီလိုင်းကို အားကိုးနေသူတွေတော့ တော်တော်လေးကို အခက်အခဲဖြစ်သွားပါတယ် ” ဟု ကုန်ပို့လုပ်ငန်း လုပ်ကိုင်နေသည့် ကို အောင်နိုင်ဝင်းက ပြောသည်။

ရခိုင်ကမ်းရိုးတန်း သင်္ဘောများ ကြံ့ခိုင်မှုအားနည်းသဖြင့် ရပ်နားထားရသည့် စစ်တွေ-တောင်ကုတ် ရေကြောင်းလိုင်းများ ကို မကြာမီ လပိုင်းအတွင်း ပြန်လည် ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်သော်လည်း ခရီးသည်သီးသန့်ကိုသာ ခွင့်ပြုတော့မည် ဖြစ်ကြောင်း ပြည်နယ်ရေကြောင်းပို့ဆောင်ရေးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly