ရေးလို့သာရေးရတယ် တို့က ဒဿဂီရိထဲက မဟုတ်ပါဘူးဆိုတဲ့ ဆရာချစ်ဦးညို

ရေးလို့သာရေးရတယ် တို့က ဒဿဂီရိထဲက မဟုတ်ပါဘူးဆိုတဲ့ ဆရာချစ်ဦးညို

လင်္ကာဒီပချစ်သူ စာအုပ်နဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကို ကိုင်လှုပ်ခဲ့တဲ့ စာရေးဆရာ၊ စာရေးနှစ် ၃၉ နှစ်မှာ စာအုပ်ပေါင်း ၈၇ အုပ် ထုတ်ဝေခဲ့တဲ့သူ။ သူကတော့ စာရေးဆရာချစ်ဦးညိုပါ။ အခုအချိန်မှာ ပရိသတ်အတွက် ဘယ်လိုရသစာပေမျိုးတွေကို ရေးသားနေပါသလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ဆရာချစ်ဦးညိုနဲ့တွေ့ဆုံဖို့အတွက် ရန်ကုန်တက္ကသိုလ်ထဲက စာအုပ်ပွဲတော်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ယဉ်မွန်လက်ထဲမှာတော့ YOPE မေးခွန်း ၅ ခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

မေး။   ။ ဆရာရေ မင်္ဂလာပါရှင့် အခုလ YOPE အစီအစဉ်မှာ  တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်ရှင့်။ ပထမဆုံးမေးခွန်းပါ။ ဆရာ စာအုပ်အသစ်ထပ်မထုတ်ဖြစ်တာ ဆရာဘာအခက်အခဲများရှိလဲ။ ဒါမှမဟုတ် ရေးနေတဲ့ စာအုပ်လေးများရှိရင်လည်း ပြောပြပါ။

ဖြေ။   ။  ရှိတယ် ၊ သမီးရဲ့။ သုဓနဆိုတာ ရေးနေတယ်။ သုဓန ဒွေးမယ်နော်လေ။ အဲဒါကို New Version နဲ့ပေါ့။ ဒါပေမယ့် ရေးနေတာ ထုတ်ပိုင်းထုတ်ပိုင်းဖြစ်နေတယ်။  ရေးတာတော့ တစ်နှစ်လောက်ရှိြ့ပီ။ သိပ်မကြာသေးပါဘူး။ အာရုံက ကောင်းကောင်း အပြည့်မသွင်းနိုင်သေးဘူး။ ဒီလုံးချင်းဝတ္တုရှည်ဆိုတာ တစ်ခါတည်း စထိုင်တာကနေ  ပြီးတဲ့အထိ  ဒီ Expectation နဲ့သွားမှ ကောင်းတာ။ အခုဟာက အာရုံတွေက ပျံ့နေတယ်။ နောက်တစ်ခါ စာတွေဖတ်နေတာလဲ ပါတယ်။ နောက်တစ်ခါ ပြောရရင်တော့ကွယ် ။ နိုင်ငံအရေးတိုင်းပြည်အရေး လူမျိုးအရေးတွေပေါ့ ။ အဲဒီသတင်းတွေဝင်နေတော့ နောက်နေတာပေါ့။ အဲဒီတော့ ဒါကြီးကို စိုက်လိုက်မတ်တတ် မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ပြီးအောင်တော့ ရေးမှာပါ သုဓနု။

မေး။  ။  ဟုတ်ကဲ့ဆရာ၊  ဒါကတော့နံပါတ် ၂ မေးခွန်းပေါ့နော်။ နံပါတ် ၂ မေးခွန်းမှာတော့့ ဆရာရေ ဆရာက လင်္ကာဒီပချစ်သူထဲက ဒဿလိုအချစ်သူရဲကောင်းတစ်ယောက်များလားရှင့်။

ဖြေ။  ။ မဟုတ်ပါဘူးကွယ်။ ဒဿဂီရိက ပြောရရင်တော့ ပါရဓာကကံကိုကျူးလွန်တယ်လို့ခေါ်တယ်။ ကာမေသုမိစ္ဆာစာရကံ မဟုတ်ဘူး။ ပါရဓာကကံ၊  သူတစ်ပါးသားမယားကို ချစ်ကြိုက်မိတာ။ သို့သော်လည်း သူ ကိုယ်ထိလက်ရောက်  လွန်လွန်ကျူးကျူးတွေမရှိဘူး။ အဲဒီတော့ သူစောင့်ထိန်းတယ်ပေါ့ကွယ်။ သို့သော်လည်း အဲဒါလည်း မသင့်မတင့်တဲ့ အကြောင်းပဲ။ အဲဒီတော့ သူကတော့ စစ်ဘုရင်လည်းဖြစ်တော့ စစ်ပဲ  လိုလားတဲ့သူဖြစ်တော့ နောက်ဆုံးမှာသူက ကျဆုံးသွားတယ်ပေါ့။ ရေးလို့သာရေးရတယ် တို့က ဒဿဂီရိထဲက မဟုတ်ပါဘူး။

မေး ။   ။ နံပါတ် ၃ မေးခွန်းကပေါ့နော်။ ဆရာ့ဘဝမှာသာ လူ ၃ယောက်ကို Delete လုပ်ခွင့်ရမယ်ဆိုရင်  ဘယ်သူတွေကို Delete လုပ်ပစ်ချင်ပါသလဲ။

ဖြေ။  ။ ဘယ်လိုလူမျိုးကိုမှ  Delete မလုပ်ချင်ဘူး သမီး။ အဲဒီလို Delete လုပ်ပစ်ရအောင် တို့က မုန်းသွားတာ၊ ကြည့်မရတာ၊  မေတ္တာတုံုးသွားတာ မရှိခဲ့ပါဘူး။

မေး ။   ။  နံပါတ်၄မေးခွန်းပါပေါ့နော်။ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အချက် ၁ ချက်ရှိခဲ့မယ်ဆိုရင် အဲဒီအချက်ကို ဆရာအနေနဲ့ဝေဖန်ပေးပါအုံး။

ဖြေ။   ။  တကယ်ဖြစ်ချင်တဲ့စိတ် ပြင်းထန်သလား။ နောက်ကနေ လိုက်လာလိမ့်မယ်။  သူ့ဘာသာသူ။ တကယ်ဆန္ဒပြင်းရင် ၀ီရိယလိုက်လာလိမ့်မယ်။ ၀ီရိယပြင်းရင် စိတ်ဓာတ်တွေ လိုက်လာလိမ့်မယ်။ ပြီးတော့ ၀ီမံသာ၊ ဒါတွေလိုက်လိမ့်မယ်၊ ဉာဏ်ပညာတွေ။ တကယ်ဖြစ်ချင်တာ ပြင်းထန်တယ်ဆို ဖြစ်ပါတယ်။

မေး။  ။ ဟုတ် ဒါနောက်ဆုံးမေးခွန်း နံပါတ် ၅ မေးခွန်းပါဆရာ။ အဲဒါကတော့ ဆရာသာ တိုင်းပြည်ရဲ့ပညာရေးကို ပြောင်းလဲခွင့်ရတဲ့နေရာတစ်ခုမှာသာ လုပ်ခွင့်ရမယ်ဆိုရင် ပညာရေးကို ဘာတွေများပြောင်းလဲချင်ပါသလဲ။

ဖြေ။  ။ အဲ ပထမဦးစွာ မူလတန်းကို ကိုင်မယ်။ အဲဒါ သိပ်အရေးကြီးတယ်။ မူလတန်းမှာ ပြဋ္ဌာန်းထားတဲ့စာအုပ်တွေ အကုန်ပြန်စစ်ပြီး အကုန်ပြန်ပြင်မယ်။ ပြီးတော့ ပြည်သူ့နီတိတွေ လိုတယ်။ မူလတန်းကျောင်းတွေကို သိပ်ကောင်းအောင်လုပ်မယ်။ ပြီးတော့ မူလတန်းပြဆရာမတွေကို လစာကောင်းကောင်း ပေးမယ်။ အရေးကြီးဆုံး ဆရာမတွေ။ အဲဒါကောင်းသွားပြီဆို အလယ်တန်းအထက်တန်း OK ပြီ  ။အဲဒါ OK ပြီဆိုရင် တက္ကသိုလ်ရောက်မယ်။ တို့သာ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် Autonomy တက္ကသိုလ်၊  ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းရေး၊ ကိုယ်ပိုင် ဆရာ၊ဆရာမ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အဲဒီလိုဖြစ်အောင် လုပ်ချင်တယ်။ ပြီးတော့ တစ်ခါ နောက်တစ်ခု ပြင်းပြင်းထန်ထန်လုပ်ချင်တာက အဲဒီ မူလတန်း ၊ အလယ်တန်း အထက်တန်းတက္ကသိုလ်တိုင်းမှာ အလွန်စနစ်ကျလှတဲ့ အလွန်တွင်ကျယ်တဲ့ စာကြည့်တိုက်ဖွင့်မယ် ။ ဖွင့်ပေးချင်တယ်။

မေး ။ ။ အခုလို သမီးတို့ရဲ့ YOPE လူငယ်အစီအစဉ်မှာဆရာ့အနေနဲ့ အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly