ဇန်နဝါရီအပြောင်းအရွှေ့တွင် ဂီရော့ဒ်အသင်းပြောင်းမည် မဟုတ်

ဇန်နဝါရီအပြောင်းအရွှေ့တွင် ဂီရော့ဒ်အသင်းပြောင်းမည် မဟုတ်

ဒီဇင်ဘာ ၈၊ အင်္ဂလန် ။             ။ တိုက်စစ်မှူး ဂီရော့ဒ်အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းပြောင်းမည်မဟုတ်ကြောင်း ကစားသမား၏အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြင်သစ်တိုက်စစ်မှူးမှာ ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်း၌ ပထမကစားသမားနေရာရရန်ရုန်းကန်ရလျက်ရှိပြီး ဆန်းချက်ဇ်က အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ကစားလျက်ရှိသည်။ ဂီရော့ဒ်မှာ ယခုနှစ်တွင် ပွဲထွက်ကစားသမားအဖြစ် ၂ ပွဲသာ ကစားရသေးသော်လည်း ငါးဂိုးအထိသွင်းယူပေးထားနိုင်သည်။ ၎င်း၏ခြေစွမ်းပြနိုင်မှုကြောင့် အသင်းပြောင်းရွှေ့တော့မည် ဆိုသည့် ကောလာဟလသတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ၂၄ ဂိုးအထိသွင်းပြီး ခြေစွမ်းပြခဲ့သည့် ဂီရော့ဒ်သည် အာဆင်နယ်တွင် ပထမကစားသမားနေရာ ပြန်လည်ရရှိရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း   အေးဂျင့်ဖြစ်သူ မိုက်ကယ်မန်နျူရယ်လိုက ပြောသည်။

‘အာဆင်နယ်မှာ နေရတာ ဂီရော့ဒ်အတွက် အဆင်ပြေပါတယ်။ ဒီရာသီမှာ နေရာရလာဖို့ သူကြိုးစားပါလိ့မ်မယ်။ ဇန်နဝါရီမှာ ဘာအပြောင်းအရွှေ့မှမဖြစ်နိုင်ပါဘူး။ အာဆင်နယ်ကို စွန့်ခွာဖို့ ဂီရော့ဒ်မှာ အစီအစဉ်မရှိပါဘူး’ ဟု မန်နျူရယ်လိုက ပြောသည်။

ဂီရော့ဒ်သည် အာဆင်နယ်အတွက် ၁၉၉ ပွဲတွင် ၈၇ ဂိုးသွင်းယူပေးထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly