မန်းတိုင်းအတွင်း တည်ဆောက်နေသည့် ဘုန်းကြီးကျောင်းများ တရားဝင်ကျောင်း သတ်မှတ်နိုင်ရန် မြို့သံဃာ့နာယက အဖွဲ့သို့ တင်ပြရန်လိုအပ်

မန်းတိုင်းအတွင်း တည်ဆောက်နေသည့် ဘုန်းကြီးကျောင်းများ တရားဝင်ကျောင်း သတ်မှတ်နိုင်ရန် မြို့သံဃာ့နာယက အဖွဲ့သို့ တင်ပြရန်လိုအပ်

မန္တလေး၊ဒီဇင်ဘာ ၈ ။              ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်တော်ကြီးကျောင်းအသစ်တည်ဆောက်ရာတွင် တရားဝင်ဘုန်းကြီးကျောင်းအဖြစ် သတ်မှတ်နိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်နှင့်ထောက်ခံချက်တို့ရယူ၍ မြို့နယ်သံဃာ့နာယကအဖွဲ့ကို တင်ပြရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊သာသနာရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့တင်ပြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့က ခွင့်ပြုသည်ဟုဆိုမှသာလျှင် တရားဝင်ဘုန်းကြီးကျောင်းဖြစ်သည်ဟု ဦးခင်မောင်တင့်က ဆိုသည်။

ဆက်လက်၍ ဦးခင်မောင်တင့်က "မြေပိုင်းဆိုင်ရာကလည်း လူနေအိမ်တွေကြား မဖြစ်ရပါဘူး။ နောက်ပြီးတော့ ဘုရားဝတ္တကမြေအတွင်းမှာ ဆောက်လုပ်ထားတဲ့ကျောင်းမဖြစ်ရပါဘူး။ အရင်ကတော့ ဘုရားဝတ္တကမြေထဲမှာ ဆောက်လုပ်ကြပေမယ့် အခုမရတော့ပါဘူး။ ပြီးတော့လည်းလတ်တလော စီမံကိန်းမြေ မဟုတ်ရပါဘူး။ စီမံကိန်းမြေဆိုရင်လည်း ဆောက်လို့မရပါဘူး "ဟု ပြောသည်။

ရပ််ကွက်၊ ကျေးရွာများတွင် မူလကျောင်းရှိနေပြီး ထပ်မံကျောင်းခွဲတည်ဆောက်လိုလျှင်လည်း ကျောင်းထိုင်ဘုန်းကြီး၏ အင်္ဂါအရည်အချင်းသည် ဝါတော် ၁၀ ဝါပြည့်ရမှာဖြစ်ပြီး ကိုးကွယ်တဲ့အိမ်ခြေမှာလည်း ၁၅၀ ရှိရန်လိုအပ်ကြောင်းနှင့် ကျောင်းထိုင်မည့်ဆရာတော်သည် ဓမ္မာစရိယ အောင်(သို့မဟုတ်) ကျောင်းထိုင်ဘုန်းကြီးကျောင်း သင်တန်းဆင်းဖြစ်မှသာလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မြေကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနများက တင်ပြကန့်ကွက်သည်များလည်းရှိကြောင်း သိရသည်။

ဦးခင်မောင်တင့်က "ကန့်ကွက်တာလေးတွေ ရှိပါတယ်။ ဒါတွေကို ဆောင်ရွက်တဲ့အခါကြတော့လည်း ခုနာက ကျောင်းမြေအသိအမှတ်မပြုဘူး ဆိုရင်တော့ မြို့နယ်သံဃာ့နာယက ကနေ မြန်မာနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့ကို တိုက်ရိုက်တင်ပြရပါတယ်။ အဲဒီလို သံဃာ့မဟာနာကကနေပြီးတော့ တိုင်းသံဃာ့နာယကကို စုံစမ်းရေးဆင်းခိုင်းတာရှိပါတယ်။ ဗဟိုကို ဆင်းခိုင်းတာ ရှိပါတယ်။ အဲဒီလို စုံစမ်းရေးတွေဆင်းပြီးမှ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်ပါတယ်။ ကျောင်းမြေအသိအမှတ်ပြုတယ်ဆိုရင် ကျွန်တော်တို့က ပြီးသွားပါပြီ။

  ကျောင်းအဖြစ်အသိအမှတ်မပြုဘူးဆိုရင်တော့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကနေ တိုင်းသံဃာ့မဟာနာယကအဖွဲ့ကို ညွှန်ကြားပါတယ်။ တိုင်းသံဃာ့မဟာနာယကအဖွဲ့ကနေမှ ကျွန်တော်တို့ ပြည်နယ်၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနတွေကို ညွှန်ကြားပါတယ်။ အဲလို ညွှန်ကြားတဲ့အခါမှာ ကျွန်တော်တို့က ညွှန်ကြားစာ ရ၅ အရ ဆောင်ရွက်ရပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါ လိုက်နာသွားတာတွေလည်း ရှိပါတယ်။ မလိုက်နာခဲ့လို့ရှိရင် ကျွန်တော်တို့က ညွှန်ကြားစာ ရ၅ အရ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးတဲ့အခါကျမှ ဒီကျောင်းကထွက်ခွာပေးဖို့တို့ ဒီကျောင်းကို ဖယ်ရှားသွားဖို့တို့လုပ်ပါတယ် "ဟု ဦးခင်မောင်တင့်က ပြောသည်။

မလိုက်နာသည့် ကျောင်းများကို ပုဒ်မ ရ၁၁ ဖြင့် တရားစွဲဆိုနိုင်ပြီး ထိုပုဒ်မသည် အနည်းဆုံး ထောင်၆လ ပြစ်ဒဏ်ချနိုင်ကြောင်းသိရသည်။ မန္တလေးတိုင်းအတွင်းရှိ ခွင့်ပြုထားသော ဘုန်းကြီးကျောင်းများအား စီစစ်လျက်ရှိပြီး တရားဝင်ကျောင်းများ ထုတ်ပြန်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly