မန်ယူအသင်းတွင် ပွဲထွက်ခွင့်မရခဲ့ခြင်းမှာ နည်းပြမော်ရင်ဟို၏ အမှားမဟုတ်ကြောင်း အမ်ခီတာရန် ပြောဆို

မန်ယူအသင်းတွင် ပွဲထွက်ခွင့်မရခဲ့ခြင်းမှာ နည်းပြမော်ရင်ဟို၏ အမှားမဟုတ်ကြောင်း အမ်ခီတာရန် ပြောဆို

ဒီဇင်ဘာ ရ၊ အင်္ဂလန် ။                 ။ မန်ယူအသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား အမ်ခီတာရန်က ရာသီအစပိုင်းတွင် အသင်း၌ပွဲထွက်ခွင့်မရခဲ့ခြင်းမှာ နည်းပြမော်ရင်ဟို၏ အမှားမဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ပွဲစဉ် ၄ ပွဲတွင် ၃ ပွဲကို ပွဲထွက်ကစားခွင့်ရခဲ့သည့် အမ်ခီတာရန်က မန်ယူတွင် ပွဲထွက်ခွင့်ပိုမိုရရှိလာလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။

ဒေါ့တ်မွန်အသင်းနှင့်အတူ ခြေစွမ်းပြပြီး မန်ယူသို့ရောက်လာခဲ့သည့် အမ်ခီတာရန်ကို မော်ရင်ဟိုက မန်ယူအသင်းနှင့်အံ့ဝင်ရန်နှင့် ပရီးမီးယားလိဂ်အခြေအနေကိုနားလည်ရန် အချိန်လိုအပ်သေးကြောင်း ဆိုခဲ့ပြီး ပွဲထွက်စာရင်းတွင် ချန်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက် အမ်ခီတာရန်က မော်ရင်ဟိုကိုနားလည်ကြောင်းနှင့် နည်းပြ၏အမှားမဟုတ်ကြောင်း ပြောသည်။

‘မော်ရင်ဟိုနဲ့ဆက်ဆံရေးက မဆိုးပါဘူး။ ကောင်းပါတယ်။ ပြဿနာက သူမဟုတ်ပါဘူး။ ကျွန်တော်ပါ။ အခု ဘာကြောင့် ကျွန်တော်အခွင့်အရေးပြန်ရသလဲဆိုတာ နားလည်ပါပြီ။ ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။ မန်ယူအသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပွဲထွက်ကစားခွင့်ရဖို့က အရမ်းအရေးကြီးပါတယ်။

အသင်းကိုရောက်စက ပွဲထွက်ခွင့်ရမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ဒီကိုရောက်တဲ့အချိန်မှာ ကစားသမား ၂၅ ယောက်လောက်က နေရာရဖို့ အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။ နေရာရဖို့ မလွယ်ဘူးဆိုတာ အဲ့ဒီတော့မှ နားလည်ခဲ့ပါတယ်။ ပွဲထွက်ခွင့်ရဖို့က အရေးကြီးပါတယ်။ ကစားခွင့်မရဘဲ ကိုယ့်ရဲ့ပုံစံကောင်းကို ပြသလို့ မရပါဘူး။ ကစားခွင့်ရမှ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို   ပြသနိုင်မှာပါ’ ဟု အမ်ခီတာရန်က ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags