အိုင်အက်စ် အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်မှုသံသယဖြင့် လူ ၄၃၁ယောက် ကိုဆော်ဒီအာရေဗျ ဖမ်းဆီး

အိုင်အက်စ် အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်မှုသံသယဖြင့် လူ ၄၃၁ယောက် ကိုဆော်ဒီအာရေဗျ ဖမ်းဆီး

အိုင်အက်စ်အကြမ်းဖက်အဖွဲ့အစည်းနှင့် ချိတ်ဆက်နေသည့် ကွန်ရက်တစ်ခု၏ အစိတ်အပိုင်းဖြစ်သော လူ ၄၃၁ယောက် ကိုဆော်ဒီအာရေဗျက ဖမ်းဆီးခဲ့သည်ဟု နိုင်ငံပိုင် Saudi Press အေဂျင်စီက ပြောကြားခဲ့သည်။

ဝတ်ပြုဆုတောင်းသူ ၃၀၀၀ခန့်ဆန့်သည့် ဗလီဝတ်ကျောင်းတစ်ခုကို တိုက်ခိုက်မှုအပါအဝင် ကြောက်မက်ဖွယ်ရာ အကြမ်းဖက် စစ်ဆင်ရေးများကို တားဆီးနိုင်ခဲ့သော်လည်း ယင်းစစ်ဆင်ရေးများအတွင်း အကြမ်းဖက်သမား ၆ဦးနှင့်အတူ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား ၃၇ယောက်ခန့် သေဆုံးခဲ့ရသည်ဟု Saudi Press Agency က ပြောကြားခဲ့သည်။

ယခုဖမ်းဆီးထားသူများမှာမေလက လူပေါင်း၂၁ယောက် သေဆုံးခဲ့ရသည့် ကူဒေးရှိ ဗလီတစ်ခုကို တိုက်ခိုက်မှုနှင့် လူ၃ဦးသေဆုံး ခဲ့ရသည့်ဒမ်မန်းဗလီအပြင်ဘက်တွင် တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများဖြစ်သည်ဟု အဆိုပါသတင်းအေဂျင်စီ ကပြောကြား ခဲ့သည်။ ဒန်မန်းဗလီတိုက်ခိုက်မှုတွင် အသေခံဗုံးခွဲသူမှာ သူ့ကိုယ်သူ မိန်းမအသွင် ရုပ်ဖျက်ခဲ့သည်ဟု ဆိုသည်။

ယခုဖမ်းဆီးထိန်းသိမ်းထားသူများက စစ်ဆင်ရေးများ အစီအစဉ်ဆွဲခြင်း၊ တိုက်ခိုက်မည့်နေရာများကို ကွင်းဆင်းခြင်းများအပြင် အသေခံဗုံးခွဲသမားများကို ပြင်ဆင်ပေးပြီး၊ ခါးပတ်ဗုံးများကိုလည်း ထုတ်လုပ်ခဲ့ကြသည်ဟု ဆိုသည်။ ၎င်းတို့အထဲမှ အုပ်စုတစ်စု ကဗုံးခါးပတ်ဝင်ဆင်ထားသည့် အသေခံဗုံးခွဲသူကို ကာတစ်ရှိ ဗလီတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ပေါက်ကွဲပြီးမြင်ကွင်းကို ဓာတ်ပုံရိုက်ရန် အခင်းဖြစ်ရာနေရာသို့ ပြန်လာခဲ့သည်ဟု Saudi Press Agencyက ပြောကြားသည်။

အကြမ်းဖက်သဘောတရားများ ဝါဒဖြန့်နေပြီး၊ အဖွဲ့ဝင်သစ်များ စုဆောင်းနေသူများကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly