UNFC အဖွဲ့ဝင်အဖြစ်မှ PNLO အမြဲတမ်းနုတ်ထွက်

UNFC အဖွဲ့ဝင်အဖြစ်မှ PNLO အမြဲတမ်းနုတ်ထွက်

ချင်းမိုင်၊ ဒီဇင်ဘာလ ၆ ။            ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းထားရာက အမြဲတမ်းနုတ်ထွက်လိုက်ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

တပ်ပေါင်း စု၏ ဖွဲ့စည်းပုံအရ အဖွဲ့ဝင်တစ်ဖွဲ့အား နုတ်ထွက်ခွင့်ပြုမည်ဆိုပါက ညီလာခံကဲ့သို အစည်းအဝေးတွင် ဆုံးဖြတ် ခွင့်ရှိသဖြင့် ၂၀၁၅ နိုဝင်ဘာလက စတင်၍ UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 သို့သော် တပ်ပေါင်းစု၏ ညီလာခံသည် ယခုနှစ် သြဂုတ်လတွင် ကျင်းပခြင်း မရှိဘဲ ဒီဇင်ဘာလသို့ ပြောင်းရွှေ့ခဲ့ပြီး ထပ်မံ ရွှေ့ဆိုင်းခဲ့သဖြင့် အမြဲတမ်းနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု  PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျနော်တို့ကို ယာယီရပ်ဆိုင်းတာကို ညီလာခံထိ သက်တမ်းတိုးတယ်။ ပုံမှန်ကတော ့သြဂုတ်လမှာ အကြောင်း ကြောင်းကြောင့် မကျင်းပနိုင်ဘူး။ ဒီဇင်ဘာကို ရွှေ့တယ်တဲ့။ ဒါကြောင့် ကျနော်တို့ကို သက်တမ်းတိုးတာ ဒီဇင် ဘာ ရောက်သွားတယ်။ ခု ဒီဇင်ဘာမှာ မလုပ်ပြန်တော့ ထပ်ရွှေ့ပြန်ရော။ ဒါကြောင့် ကျနော်တို့ကို ယာယီရပ် ဆိုင်းတာက အမြဲတမ်းလို ဖြစ်သွားတာပေါ့။ ဘာမှ အလားအလာ မရှိတဲ့အပေါ် ကျနော်တို့လည်း လွန်ခဲ့တဲ့လက ကော်မတီအစည်းအဝေးမှာ ယာယီကို အမြဲတမ်း ပြောင်းလဲရအောင် ဆိုပြီး ဆုံးဖြတ်ချက်ချတာပေါ့။ အဲဒါကို လည်း ပို့ပေးလိုက်ပါပြီ”ဟု သူက ပြောသည်။

UNFC က ဒီဇင်ဘာလ ၁၇၊ ၁၈ ၊ ၁၉ တွင် ကျင်းပမည့် ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သဖြင့် PNLO က ယာယီ အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းနုတ်ထွက်ရန် ကော်မတီမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ညီလာခံသို့လည်း တက်aရာက်နိုင်မည် မဟုတ်ကြောင်း အကြောင်းကြားထားကြောင်း သူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော PNLO နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ကို တပ်ပေါင်းစု၏ ဥပဒေနှင့် မညီညွတ်ဘဲ လက်မှတ်ရေးထိုးခဲ့သဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 “သူတို့ စာထဲမှာတော့ သူတို့ကို အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းတာက အခြေခံ ဥပဒေနဲ့ မညီညွတ်ဘူး။ မညီ ညွတ်တဲ့ အတွက်ကြောင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပါတယ်ဆိုတဲ့ အကြောင်းကြားစာ ရရှိပါတယ်။ အတူတကွ ပါဝင်ရေး သဘောတူ ဆုံးဖြတ်ထားတာနဲ့ ပတ်သက်ပြီး ကိုယ်ဘာသာကိုယ် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက် တယ် ဆိုတဲ့ဟာက ဆုံဖြတ်ထားတဲ့ အပေါ်မှာ အလေးမထားဘူး ဆိုတာက ကိုယ့်ရပ်တည်ချက်လား။ ကိုယ့်ရဲ့ မူသဘောထားလား ဆိုတာက ပြန်လည်သုံးသပ်ဖို့ လိုတာပေါ့နော်” ဟု UNFC  အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

CNF ကလည်း ပြန်လည် ပါဝင်ရန် သဘောထားပေးထားသော်လည်း ဆုံးဖြတ်ချက် မပေးသေးသဘဲ KNU  က လည်း CEC အစည်းအဝေး မကျင်းပနိုင်သေးသဖြင့် ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း အကြောင်းကြား ထားသည်ဟု ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်က UNFC ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၄ ခုနှစ် သြဂုတ်လက ကျင်းပသော ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံး(KNU )က အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

လက်ရှိတွင် UNFC ညီလာခံသို့ တက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားကြောင်း ခူအူးရယ်ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags