မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီ ရခိုင်လွှတ်တော်ဖွဲ့စည်း

မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီ ရခိုင်လွှတ်တော်ဖွဲ့စည်း

စစ်တွေ၊ ဒီဇင်ဘာ ၅ ရက်။                   ။ ရခိုင်နယ်စပ် မောင်တောခရိုင်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ခိုက်မှုများတွင် တပ်မတော်၏ နယ်မြေ ရှင်းလင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ စွပ်စွဲပြစ်တင်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် စုံစမ်းလေ့လာမှုများ ပြုလုပ်နိုင်ရန် ရခိုင်ပြည်နယ်လွှတ်တော်မှ ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီကို အောက်တိုဘာ ၂၄ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၂ /၂၀၁၆ မှသာ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

“ မြေပြင်အခြေအနေကို စုံစုံလင်လင် သိရှိနိုင်ဖို့အတွက် နှစ်ကြိမ်ဆင်းပြီးတော့ လေ့လာခဲ့ပြီးဖြစ်ပါတယ်။ တွေ့ရှိချက်တွေကို ကော်မတီကနေ လွှတ်တော်ဥက္ကဌဆီမှာ အစီရင်ခံထားပြီးလည်း ဖြစ်ပါတယ်။” ဟု ကော်မတီအဖွဲ့ဝင် မြောက်ဦးမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ကော်မတီအနေဖြင့် စုံစမ်းတွေ့ရှိချက်များကို လွှတ်တော်ဥက္ကဌထံသို့ အစီရင်ခံထားပြီး ဖြစ်သော်လည်း လွှတ်တော်တွင် ထပ်မံ ဆွေးနွေးမှုများ ပြုလုပ် ရဦးမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါ အချက်အလက်များ၊ သုံးသပ်ချက်များကို လွှတ်တော်က လက်ခံအတည်ပြုပေးပြီးမှသာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီ၏ လွှတ်တော်ဥက္ကဌထံ တင်ပြချက်များတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မောင်တောနယ်စပ်တွင် ကာရံထားသည့် နယ်ခြားခြံစည်းရိုးမှာ လုံခြံုမှု မရှိကြောင်းနှင့်  နိုင်ငံဖြတ်ကျော်မှုများသည် နေ့စဉ်ရက်ဆက် ရှိနေကြောင်း ရေးသားပါရှိသည်။

ယင်းအပြင် မောင်တောဒေသရှိ မွတ်စလင်ကျေးရွာများကို ကုန်းကြောင်းဆက်သွယ်ရေး လမ်းများပေါ်တွင် တည်ထားခွင့် မပြုရန်နှင့် လမ်းမနှင့် အနည်းဆုံး ကိုက် (၁၀၀) အကွာဝေးတွင် ထားရှိပေးရန်၊   မောင်တောဒေသကို လျှပ်စစ်မီး ၂၄ နာရီ ရရှိစေရေး ဆောင်ရွက်ပေးရန် တို့ကိုလည်း အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly