၂၈ နှစ်ကြာမှ သီချင်းအသစ်တွေနဲ့ တစ်ကျော့ပြန်လာတဲ့ အဆိုတော် မွန်းအောင်ရဲ့ “ ငြိမ်းချမ်းရေး မိုးစက်များ ”

၂၈ နှစ်ကြာမှ သီချင်းအသစ်တွေနဲ့ တစ်ကျော့ပြန်လာတဲ့ အဆိုတော် မွန်းအောင်ရဲ့ “ ငြိမ်းချမ်းရေး မိုးစက်များ ”

အဆိုတော် မွန်းအောင်က အသက် ၁၅နှစ်အရွယ်ကတည်းက တေးသီချင်းတွေ သီဆိုနေခဲ့ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကြောင်း သီချင်းစာသားများကို အစိုးရအဆက်ဆက် ဆင်ဆာခွင့်ပြုချက် မရှိခဲ့တာကြောင့် ၁၉၈၉ မှ စတင်ပြီး  ပြည်ပနိုင်ငံတွေမှာ အသံသွင်း ဖြန့်ချိခြင်းများကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ “ သွေးမုန်တိုင်း” သီချင်းကလည်း လူသိများလှပါတယ်။

၂၈ နှစ်ကြာ မြန်မာပရိသတ်တွေနဲ့ ဝေးကွာနေခဲ့ပြီး ယခု ထွက်ရှိမယ့် “ ငြိမ်းချမ်းရေး မိုးစက်များ ”က သူ့ရဲ့ ရ ခွေမြောက် တစ်ကိုယ်တော် တေးစီးရီးလည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က “ ငြိမ်းချမ်းရေးတိုက်ပွဲ ” အမည်ရှိတဲ့ အခွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသံသွင်း သီဆိုခဲ့တာဖြစ်ပြီး အဆိုတော် မွန်းအောင်ရဲ့နောက်ဆုံး ထွက်ရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် မွန်းအောင်ရဲ့ ထွက်ရှိမယ့် အခွေအကြောင်းများနဲ့ အတူ ပရိသတ်တွေ အတွက် သိချင်မယ်လို့ ထင်တဲ့ အကြောင်းအရာတွေကို မေးမြန်း ဖြစ်ခဲ့ပါတယ်။ ။

မေး- ဦးမွန်းအောင်ရဲ့ အခွေအကြောင်းလေး မိတ်ဆက်ပေးပါ။

ဖြေ- ကျွန်တော့်ရဲ့ ဒီအခွေကိုတော့ “ငြိမ်းချမ်းရေး မိုးစက်များ ”လို့ နာမည်ပေးထားတယ်။ သီချင်းက ၁၂ ပုဒ်ပါမှာပါ။ ကျွန်တော်ရေးထားတာ တစ်ပုဒ်ပါမယ်။ နောက်ပြီးတော့ တခြားတေးရေးတွေရဲ့ သီချင်းလေးတွေရော။ အင်္ဂလိပ်လို ဆိုထားတာ တစ်ပုဒ်ရောပါမယ်။ ရမ်သမ် တီးဝို်င်းနဲ့ တီးထားပါတယ်။ Audio စီဒီကို မာစတာ တေးသံသွင်းကနေ အခု လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြန့်မှာပါ။ တစ်ခွေကို ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိမှာပါ။

မေး- ပါ၀င်တဲ့ တေးသီချင်းတွေကရော အသစ်တွေပဲလား။

ဖြေ- ကျွန်တော့အတွက်ကတော့ အသစ်တွေချည်းပါပဲ။ အရင်က ကျွန်တော့်ရဲ့ သီချင်းအဟောင်းတွေ မပါဘူး။ ဥပမာ ပန်းရဲ့လမ်း သီချင်းမျိုးဆို ပရိသတ်သိပြီးသားဖြစ်မယ်ဆိုပေမယ့် ကျွန်တော်ကတော့ အရင်က မဆိုဖူးဘူးဆိုတော့ အသစ်ပါပဲ။

မေး-ဒီအခွေထဲမှာ လွန်ခဲ့တဲ့ ၁၆ နှစ်က ဦးမွန်းအောင် ကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ်လည်း ပါ၀င်တယ်ဆိုတော့ ဒီဘက်ခေတ်နဲ့ အံ့ဝင်နိုင်ပါ့မလား။ ပရိသတ်ကရော လက်ခံနိုင်မယ်လို့ရော ယုံကြည်လား။

ဖြေ- ယုံကြည်တယ်လို့ ပြောရမှာထက် ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော်တို့ သီချင်းတွေက ရာသီစာလိုမျိုး ရေးတာ မဟုတ်ပါဘူး။ ဒီထဲမှာပါတဲ့သီချင်းတွေက တစ်ချို့ဆို ၁၆ နှစ်၊ ၁၇ နှစ်၊ နှစ် ၂၀ ကြာနေတာတွေ ရှိပါတယ်။ ဒါပေမယ့် အကျုံးဝင်နေဆဲပါပဲ။ ၀င်နေသေးတယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ မျှော်လင့်ချက်နဲ့ ခွန်အားရှိတဲ့ အကြောင်းအရာတွေ ရေးတာဆိုတော့ ကျွန်တော်တို့ လူတွေဆိုတာ အသက်ရှင်နေသရွေ့ မျှော်လင့်တယ်။ ခွန်အားတွေ လိုတယ်။ ကျွန်တော် တစ်ဦးတည်း အမြင်ဆိုရင်တော့ ဒီသီချင်းတွေက မဟောင်းသွားပါဘူး။ ဒါပေမယ့် လက်ခံခြင်း၊  လက်မခံခြင်းကတော့ ပရိသတ်ရဲ့ အပိုင်းပဲ ဖြစ်မှာပါ။

မေး- ၂၈ ရှစ်အကြာမှ အခုလို တရားဝင်တေးစီးရီးအခွေ အဖြစ် ထွက်ရှိမှာဆိုတော့ ဦးမွန်းအောင်ရင်ထဲက ခံစားမှုလေး သိချင်ပါတယ်။

ဖြေ- ကျွန်တော် ၉၂ ခုမှာ နောက်ဆုံး အခွေ ထွက်ရှိခဲ့တာပါ။ ငြိမ်းချမ်းရေး တိုက်ပွဲဆိုပြီးတော့ပေါ့။ ထိုင်းနိုင်ငံမှာပဲ လုပ်ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ တရားဝင် ဖြန့်ချိခွင့်လည်း မရခဲ့ပါဘူး။  မြန်မာနိုင်ငံမှာ လွန်ခဲ့ ၂၈ ရှစ်တုန်းကဆို အခုလို မီဒီယာ တွေ့ဆုံပွဲတွေ ဘာတွေ မရှိဘူး။ အဲဒီတော့ အတွေ့အကြုံအသစ်တွေအတွက် ရင်ခုန်ပါတယ်။ နောက်ပြီးတော့ ဘာကို စိတ်လှုပ်ရှားနေလဲဆိုတော့ ဒီသီချင်း ထွက်ပြီးရင် ပရိသတ်တွေ နားထောင်ပြီးရင် ဘာပြောမလဲဆိုတာကို ရင်ခုန်ပါတယ်။

မေး- တစ်ချိန်က ဦးမွန်းအောင်ရဲ့ သီချင်းတွေက တရားဝင် နားထောင်ခွင့် ၀ယ်ယူခွင့် မရရှိခဲ့ဘူး လို့လည်း သိရပါတယ်။

ဖြေ- ဟုတ်ပါတယ်။ အဲဒီတုန်းက ကျွန်တော် နောက်ဆုံး ချင်းမိုင်မှာ အသံသွင်းခဲ့တဲ့ ငြိမ်းချမ်းရေး တိုက်ပွဲဆိုတဲ့ အခွေဆိုရင် အဲဒီအခွေနဲ့ တွဲမိရင်တောင် ထောင်ကျနိုင်ပါတယ်။ ကျွန်တော့် သီချင်းတွေ နားထောင်ရင် ထောင်ထဲ သွားရပါတယ်။

မေး- ငြိမ်းချမ်းရေး အကြောင်းတွေ အများစုကို သီဆိုခံစားနေရတဲ့ ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။

ဖြေ- ကျွန်တော် ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုချင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ အမှန်ကတော့ ငြိမ်းချမ်းရေး ရှိနေရင် ငြိမ်းချမ်းရေး သီချင်းဆိုစရာကို မလိုဘူး။ ငြ်ိမ်းချမ်းရေး မရှိလို့ ငြိမ်းချမ်းရေး အကြောင်းကို ပြောနေရတာပါ။ တစ်ချိန်လုံး ငြိမ်းချမ်းရေး အကြောင်းပဲ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံက ငြိမ်းချမ်းရေးပါ။ လူဘဝ တိုတိုလေးမှာ ငြိမ်းငြိမ်းချမ်းချမ်းမှ နေချင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ငြိမ်းချမ်းရေးက အရေးကြီးသလို လူတိုင်းအတွက်လည်း အရေးကြီးမယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး- ဒီအခွေကနေ ဦးမွန်းအောင်ရဲ့ ပရိသတ်တွေဆီကို ဘယ်လို ရသမျိုးပေးနိုင်မယ်လို့ မျှော်လင့်လဲ။

ဖြေ- ဒါကတော့ ခံစားသူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ပေးနိုင်တာကတော့ ခွန်အားပေါ့၊ မျှော်လင့်ချက်ပေါ့။ ကျွန်တော် လူငယ်တွေကို မျှော်လင့်တယ်။ အဓိကကတော့ ကျွန်တော် လူငယ်တွေကို ခွန်အားပေးချင်တယ်။ လွပ်လပ်ပွင့်လင်းလာတဲ့ အခြေအနေပေါ် မူတည်ပြီးမှ လူငယ်တွေကို ကိုယ့်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ထားစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျှော်လင့်ချက်တွေ ထားတယ်။ အဲဒီမျှော်လင့်ချက်လိုမျိုး ပရိသတ်တွေကို ပေးချင်တာပါ။

မေး- တစ်ကိုယ်တော် ရှိုးပွဲ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

ဖြေ- ဟုတ်ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီလ ၄ ရက်နေ့ ၊ အမျိုးသားဇာတ်ရုံမှာ တစ်ကိုယ်တော်ရှိုးလုပ်ဖို့ စီစဉ်ထားတာရှိပါတယ်။

မေး- တခြား ဘာများ ဖြည့်စွက်ပြောချင်တာများ ရှိမလဲ။

ဖြေ- သီချင်းတွေ နားထောင်ပြီးရင်တော့ သီချင်းတွေ အပေါ် ဘယ်လိုမျိုး သဘောထားလဲ။ ကြိုက်တယ် မကြိုက်ဘူးဆိုတာမျိုးကိုတော့ ကျွန်တော် ၀မ်းသာမှာပါ။

အချိန်ပေးပြီး ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly