ကိုးလ်မန်း၏ခေါင်းကို ကန်ခဲ့ခြင်း မဟုတ်ဘဲ ရှောင်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ကြောင်း မိုဗစ်ပြော

ကိုးလ်မန်း၏ခေါင်းကို ကန်ခဲ့ခြင်း မဟုတ်ဘဲ ရှောင်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ကြောင်း မိုဗစ်ပြော

ဒီဇင်ဘာ ၅၊ အင်္ဂလန် ။            ။ အဲဗာတန်အသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြိုင်ဘက်နောက်ခံလူကိုးလ်မန်း၏ခေါင်းကို ကန်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ရှောင်ရန် ကြိုးစားခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူးသည် ကရာတေးခါးပတ်အနက် အဆင့်ရှိသူဖြစ်ပြီး ၎င်းအနေဖြင့် လူတစ်ဦးလဲကျသွားစေရန် ခေါင်းကို မည်ကဲ့သို့ကန်ရသည်ကို ကောင်းကောင်း သိကြောင်း လည်း စွပ်စွဲချက်ကို တုံ့ပြန်ခဲ့သည်။

ထိုပွဲတွင် မိုဗစ်မှာ မန်ယူအတွက် အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့သော်လည်း အဲဗာတန်အသင်းအတွက် လေတန်ဘိန်းစ်က ပင်နယ်တီမှတစ်ဆင့်ချေပခဲ့သောကြောင့် တစ်ဂိုးစီသရေကျခဲ့ရသည်။

‘အဲဗာတန်အသင်းက မာမာထန်ထန်နဲ့ကစားခဲ့တာပါ။ အစီအစဉ်ကြေညာသူတစ်ယောက်က တစ်စုံတစ်ယောက်ရဲ့ခေါင်းကို ကျွန်တော်ကန်ခဲ့တယ်လို့ ပြောတာ ကြားလိုက်ရပါတယ်။

အနေအထားက ၅၀-၅၀ ပါပဲ။ ကိုးလ်မန်းက ကျွန်တော့်ကို ဆွဲချခဲ့တာပါ။ ကျွန်တော်ကသူ့ကို ထိမှစိုးလို့ ရှောင်ဖို့ကြိုးစားခဲ့တာပါ။ တစ်စုံတစ်ယောက်ကို လဲကျသွားစေဖို့ ခေါင်းကို ဘယ်လို ကန်ရတယ် ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်’ ဟု မိုဗစ်က ပြောခဲ့သည်။

ထို့အပြင်မိုဗစ်က ၎င်းတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလိုတယ်ဆိုရင်၊ ဒါမှမဟုတ် ချန်ပီယံဆုကို စိန်ခေါ်ချင်တယ်ဆိုရင် အနိုင်သုံးမှတ်ရဖို့ လိုအပ်ကြောင်းနှင့် သုံးမှတ်အပြည့်ရရန် ဒီထက် ပိုကြိုးစားကြဖို့ လိုကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly