အာဇာနည်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်သည့် ပုသိမ် အင်အန်လ်ဒီ နှင့် ကျောင်းသားများကို ခွင့်မပြု

အာဇာနည်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်သည့် ပုသိမ် အင်အန်လ်ဒီ နှင့် ကျောင်းသားများကို ခွင့်မပြု

၆၈နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ် အပါအဝင် အနယ်နယ် အရပ်ရပ်တွင် ပါတီများ၊ လူမှုအဖွဲ့အစည်းများကလည်း ဦးဆောင်ကာ ကျင်းပခဲ့ကြသည်။ 

ရန်ကုန်မြို့က အာဇာနည်နေ့

ရန်ကုန်မြို့တွင် နံနက် ၇နာရီ ၅၀မိနစ်ကစပြီး ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်တွင် နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် အခမ်းအနားကို စတင်ကျင်းပလိုက်သည်။ အခမ်းအနားအစတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုယ်စား ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦးက ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဇူလိုင် ၁၉ရက် နံနက် ၇နာရီ ၅၈ မိနစ်တွင် လွမ်းသူပန်းခွေချကာ ဂါရဝပြုခဲ့ကြသည်။ 

ယင်းနောက်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ကိုးဦး၏ မိသားစုဝင်များက အသီးသီး လွမ်းသူပန်းခွေချကာ ဂါရဝပြုရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦး နှင့် ဇနီးတို့က ဦးစွာ ဂါရဝပြုအပြီး ဒေါ်အောင်ဆန်းစုကြည်၏ အလှည်ဖြစ်သည်။ ယင်းနောက်တွင် အာဇာနည်ကိုးဦး၏ မိသားစုများ အသီးသီး ဂါရဝပြုကြသည်။ 

အာဇာနည်ကြီးများ၏ မိသားစုဝင်များအပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ရန်ကုန်တိုင်း လွှတ်တော်၊ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေးပါတီများ နှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအသီးသီးတို့က လွမ်းသူပန်းခွေများချကာ ဂါရဝပြုခဲ့သည်။ တစ်ဦး (တစ်လှည့်)ကို ၂မိနစ်မှ ၄မိနစ်ခန့်သာ ကြာမြင့်သည်။ 

နံနက်၁၁နာရီ ၃၀မိနစ်တွင်မူ အာဇာနည် ဗိမာန်တွင် အများပြည်သူကို ဝင်ရောက်ဂါရဝ ပြုခွင့်ပေးလိုက်ပြီး လာရောက်ကြည့်ရှုသူ တခဲနက် များပြားခဲ့သည်ကို တွေ့ရသည်။ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)ကိုလည်း နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ဖွင့်လှစ်ပေးထားကာ အများပြည်သူ ဝင်ရောက်လေ့လာစေခဲ့သည်။ ဝန်ကြီးများရုံးကို ၂၀၁၄ခုနှစ် ၆၇နှစ်မြောက် အာဇာနည်နေ့ကစ၍ ဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ 

နေပြည်တော်က အာဇာနည်နေ့ 

နေပြည်တော်တွင်မူ နေပြည်တော်ကောင်စီအတွင်း ပျဉ်းမနားမြို့ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး စိတ်ပါဝင်စားသည့် ပြည်သူအချို့နှင့် သွားရောက်အလေးပြုကာ အခမ်းအနားကို ဆင်နွဲခဲ့သည်။ 

မန္တလေးက အာဇာနည်နေ့

မန္တလေးမြို့တွင် ၆၈ နှစ်မြောက် အာဇာနည်နေ့အား ၆၂လမ်း၊ ၄၀နှင့် ၄၁လမ်းကြားရှိ မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းတွင် အောင်စံမောင်အဖွဲ့မှ ဦးဆောင်၍ ကျင်းပခဲ့သည်။

 ဂါရဝပြုပွဲကို နံနက် ၉နာရီမှ စတင်ခဲ့ပြီး အလေးပြုခြင်း၊ ပန်းခွေများချခြင်းနှင့် စာရေးဆရာ ဇော်ခိုင်ဦးမှအာဇာနည်နေ့အကြောင်း ဟောပြောမှုများပြုလုပ်ခဲ့သည်။ 

ထိုပွဲကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာသို့အင်အား ၅၀၀ တင်ခဲ့သော်လည်း အင်အား ၂၀၀ သာ ခွင့်ပြုခဲ့သည်ဟု ဦးဆောင်သူ အထက်တန်းရှေ့နေ ဦးဌေးဝင်းက မဇ္ဈိမကိုပြောသည်။ 

ယင်းအပြင် မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ နဝရက်အိမ်ယာလမ်းအတွင်းရှိ နံရံများပေါ်တွင် ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံများကို ဂရက်ဖတီ ကိုဇွဲကိုနိုင်က နံရံဆေးရေးပန်ချီများ ရေးဆွဲဂုဏ်ပြုခဲ့သေးသည်။ 

စစ်ကိုင်းမြို့တွင်လည်း စစ်ကိုင်းမြို့ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် စစ်ကိုင်းခရိုင် ဗကသ ကျောင်းသားများက ဦးဆောင်ကာ ဂါရဝပြုပွဲကို ကျင်းပခဲ့သည်။ စစ်ကိုင်း NLD အဖွဲ့ဝင်အင်အား ၅၀၀ ခန့်နှင့် စစ်ကိုင်းခရိုင် ဗကသ ကျောင်းသားအင်အား ၂၅ ဦးတို့ပါဝင်ချီတက်အလေးပြုကြပါသည်။

ပုသိမ်က အာဇာနည်နေ့ 

၆၈ နှစ်မြောက် အာဇာနည်နေ့တွင် ပုသိမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ဧရာဝတီ သပိတ်စစ်ကြောင်းမှ ကျောင်းသားများက လွမ်းသူပန်းခွေ့ချခြင်း နှင့် အလေးပြုခြင်းအား မိမိအစီအစဉ်ဖြင့် လုပ်ဆောင်ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းအား အခမ်းအနားမှူးက ငြင်းပယ်ခဲ့သည်။

“အရင်နှစ်တွေ အစိုးရအဖွဲ့တွေ လွမ်းသူပန်းခွေ့ချပြီးရင်၊ ပြန်သွားတယ်၊ ကျန်တာ ကျွန်တော် NLDရယ်၊ ကျောင်းသားတွေ ၈၈ မျိုးဆက်တွေပဲရှိတယ်၊ ဒီနှစ်မှာ သူတို့ အစီအစဉ်တိုင်းလုပ်ရမယ်၊ ကျွန်တော်တို့မလုပ်ဘူး ကိုယ့်အစီအစဉ်နဲ့လုပ်ရင် နောက်ပိုင်းမှလုပ်မယ်”ဟု ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဇာနည်နေ့အခမ်းအနားတက်ရောက်သူ ဦးအောင်သူထွေးက မဇ္ဈိမသို့ပြောသည်။

ပုသိမ်မြို့၊ ကန်သုံးဆင့်ရှိ ဗိုလ်ချုပ်ရုပ်ထု နှင့် အာဇာနည် ကျောက်တိုင်တွင် တိုင်းဒေသကြီးအစိုးရက နံနက် ရး၃၀နာရီမှ ၁၀း၃၇ နာရီအထိ ဝန်ကြီးချုပ်က လွမ်းသူပန်းခွေ့ချခြင်း၊ အာဇာနည် ခေါင်းဆောင်များ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် ပါတီများ၊ လူမှုရေးအဖွဲ့အစည်းများက အစီအစဉ်အတိုင်း ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုကြံခိုင်းရေးနှင့် ဖွံဖြိုးရေးပါတီ၏ ပါတီဝင်များလည်း တူညီဝတ်စုံများဖြင့် လူရောက် ဂါရဝ ပြုခဲ့သည်။

“ဒီနှစ် ကြံ့ခိုင်ရေးပါတီဝင်တွေ လာအလေးပြုတယ်၊ အရင်ဆို သူတို့မရှိဘူး၊ အခု နိုင်ငံရေး အကျိုးအမြတ်အတွက်လာလုပ်တာ၊ ရင်ထဲမပါဘူး၊အရင်နှစ်တွေမှာ လာတာမတွေ့ရဘူး၊ ကျောင်းသားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်မယ်ပြောတာကိုလည်း ခွင့်မပြုဘူး၊ NLDပြောတာလည်း ခွင့်မပြုဘူး”ဟု ပုသိမ်မြို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးက မဇ္ဈိမကို ပြောသည်။

ပုသိမ်မြို့တွင် အာဇာနည်နေ့၌ ဆန်စက်များ၊ ယာဉ်များမှ ၁၀နာရီ ၃၇ မိနစ်တွင် ဥသြဆွဲခဲ့သည်။ အာဇာနည်နေ့မတိုင်မီ မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ၊ အာဇာနည်နေ့သီးချင်းများ ဖွင့်သည်။ ဗိုလ်ချုပ် နှင့် ပတ်သက်သော ပုံများ၊ အာဇာနည် ၉ ဦး နှင့် သက်ဆိုင်သော ပုံများအား ပုသိမ်မြို့ ကန်သုံးဆင့်ကွင်းတွင် ပြခင်းအဖြစ် ပြည်သူများအား ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly