ကက်စထရို၏ အရိုးပြာအား ချီဂွေဗားရားနှင့် ပြန်လည်ပေါင်းစည်းမှု အထိမ်းအမှတ်အဖြစ် ယူဆောင်လာ

ကက်စထရို၏ အရိုးပြာအား ချီဂွေဗားရားနှင့် ပြန်လည်ပေါင်းစည်းမှု အထိမ်းအမှတ်အဖြစ် ယူဆောင်လာ

ဟာဗားနား၊ ဒီဇင်ဘာ ၁ ။            ။ ဖီဒယ်ကက်စထရို၏ အရိုးပြာအား စစ်အေးကာလနှောင်းပိုင်း အထင်ကရပုဂ္ဂိုလ်ဖြစ်သည့် ကျဆုံး စစ်ဦးစီးမှူး ချီဂွေဗားရားနှင့် ပြန်လည်ပေါင်းစည်းပေးခြင်း အမှတ်သင်္ကေတအဖြစ် ချီဂွေဗားရား နောက်ဆုံး ခေါင်းချရာ ဆန်တာကလာရာသို့ ယူဆောင်လာခဲ့သည်။

ဟာဗားနားတွင် နှစ်ရက်တာ အထိမ်းအမှတ်ပြုပြီးနောက် နိုဝင်ဘာ ၃၀ ရက်မှ စပြီး ကက်စထရို၏ အရိုးအိုးအား စစ်ဂျစ်ကားတစ်စီးပေါ် တင်ဆောင်ကာ တစ်နိုင်ငံလုံးအနှံ့ လေးရက်တာ လှည့်လည်ခြင်းဖြစ်ပြီး ချီဂွေဗားရား ခေါင်းချရာသို့ ရောက်ရှိခြင်းဖြစ်သည်။

ကက်စထရို၏ အရိုးအိုး တင်ဆောင်သည့် ယာဉ်ဖြတ်ရာ လမ်းတစ်လျှောက် ပြည်သူများက အလံများ ဝှေ့ယမ်းခြင်း၊ ငါက ဖီဒယ်ပဲဖြစ်တယ် ဆိုကာ ကြွေးကြော်ခြင်းများဖြင့် ဂုဏ်ပြုကြသည်။

ကက်စထရိုနှင့် ချီဂွေဗားရားသည် ၁၉၅၅ ခုနှစ်တွင် မက္ကဆီကိုသို့ ကက်စထရို ပြည်နှင်ဒဏ်ခံရစဉ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ လူငယ်ဆရာဝန်တစ်ဦးဖြစ်သည့် ချီဂွေဗားရားက ဖီဒယ်ကက်စထရိုနှင့် ညီဖြစ်သူ ရာအူးလ်ကက်စထရိုတို့နှင့် အတူပူးပေါင်းခဲ့ပြီး တစ်နှစ်အကြာတွင် ကျူးဘားသို့ အတူဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

၁၉၅၈ ၌ ဆန်တာကလာရာတွင် အရေးကြီးသည့် တိုက်ပွဲအား ချီဂွေဗားရားက အနိုင်တိုက်နိုင်ကာ မြို့အား လက်ရသိမ်းနိုင်ခဲ့သည်။

အစိုးရအဖွဲ့တွင် ရာထူးကြီး ပေးအပ်ခြင်းခံရသော်လည်း ၁၉၆၆ ခုနှစ်တွင် ကျူးဘားမှ ထွက်ခွာကာ ဘိုလီးဗီးယား၌ ပြောက်ကျားအဖွဲ့တစ်ဖွဲ့အား ဦးဆောင်ကာ တော်လှန်ရေး လုပ်ခဲ့ခြင်းဖြစ်သည်။ ဘိုလီးဗီးယားတွင် အဖမ်းခံရကာ တစ်နှစ်အကြာ၌ ကွပ်မျက်ခံရသည်။

ချီဂွေဗားရား၏ ကြွင်းကျန်ရုပ်အလောင်းအား ဆယ်စုနှစ် သုံးခု ကြာပြီးမှ ပြန်လည်တွေ့ရှိရကာ ဆန်တာကလာရာသို့ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ဆန်တာကလာရာတွင် ချီဂွေဗားရာ၏ ရုပ်တုကြီး ထုလုပ်ထားရှိသကဲ့သို့ တော်လှန်ရေးစံပြ ချီဂွေဗားရား အထိမ်းအမှတ် ပြတိုက်တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားသည်။

ယခု ကက်စထရို၏ ရုပ်အလောင်း လှည့်လည်မှုတွင် ချီဂွေဗားရားနှင့် ပြန်လည်ပေါင်းစည်းမှု သင်္ကေတအနေဖြင့် ဆန်တာကလာရာသို့ သယ်ဆောင်ရောက်ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly