မိုးကုတ်မြို့ ကျောက်အရောင်းအဝယ်စျေးကွက် တရုတ်၊ အိန္ဒိယဝယ်လက် မလာ၍ အေးနေ

မိုးကုတ်မြို့ ကျောက်အရောင်းအဝယ်စျေးကွက် တရုတ်၊ အိန္ဒိယဝယ်လက် မလာ၍ အေးနေ
မိုးကုတ်မြို့ပန်းခြံထာပွဲကို နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် မိုးကုတ်မြို့တွင် ကျောက်အရောင်းအဝယ်စျေးကွက် သိသိသာသာ အေးစက်လာသည်ဟု မိုးကုတ်ထာပွဲ ကျောက်ကုန်သည်ပွဲစားများအဖွဲ့၊နာယက ဦးမြတ်ထွန်းက မဇ္ဈိမ ကိုပြောသည်။

" စစ်ပွဲတွေကြောင့် တရုတ်ဘက်က ဝယ်လက်ကို မလာဘူး။အရောင်းအဝယ်က အတော်ဆိုးဆိုးဝါးဝါးကို ပျက်နေတယ်။ ဒီအတိုင်းဆို မိုးကုတ်မြို့ရဲ့အခြေအနေက တော်တော်မကောင်းတော့ဘူး " ဟု ဦးမြတ်ထွန်းက ပြောသည်။

ထို့ပြင် မိုးကုတ်မြို့၊ ကျောက်အရောင်းအဝယ်စျေးကွက် ပျက်ရသည့် အကြောင်းထဲတွင် အိန္ဒိယနိုင်ငံမှ ရူဘီငွေများပြန်လည်သိမ်းယူခဲ့ကြောင့်လည်းဖြစ်သည်ဟု ဦးမြတ်ထွန်းက ထပ်လောင်းဆိုသည်။

"မိုးကုတ်ရဲ့ အဓိကသွေးကြော အရောင်းအဝယ်ဖြစ်နေတာက တရုတ်နဲ့အိန္ဒိယပဲ။ အခု အိန္ဒိယကလည်း ရူဘီ အသိမ်းခံရပြီးတဲ့နောက် မလာတော့ဘူး။ တရုတ်က မလာ၊ အိန္ဒိယက မလာ။ ထိုင်းကလည်း သူတို့ဘုရင်မင်းမြတ် နတ်ရွာစံပြီးကတည်းက အေးသွားတယ်။ အဲလိုတွေဆိုတော့ မိုးကုတ်က ကျောက်သမားတွေ ငုတ်တုတ်တွေ ဖြစ်နေတယ် "ဟု ဦးမြတ်ထွန်းက ပြောသည်။

ထာပွဲတွင် အရောင်းအဝယ်ပြုလုပ်နေသည့် ဝါရင့်ကျောက်သမားတစ်ဦးဖြစ်သူ မိုးကုတ်ဒေသခံ ဒေါ်ယဉ်ယဉ်မေက "ဝယ်လက် မရှိတော့ တစ်ချို့ကျောက်တွေက ပိုက်မိနေတယ်။ ပိုက်မိတဲ့   ကျောက်တွေကလည်း စျေးစကားပြောပြီးသား။ ဒါပေမယ့် တရုတ်ကလည်း လောလောဆယ်မလာဘူး။ အိန္ဒိယကလည်း မလာဘူး။ အဲလိုတွေဖြစ်နေတယ်။ တစ်ချို့ပွဲစားတွေဆို စျေးကပြောပြီးသား ၊ကျောက်ကလည်း သူ့လက်ထဲမှာ ကြားထဲက ဒုက္ခရောက်နေတာတွေရှိတယ် " ဟု ပြောသည်။

မိုးကုတ်မြို့ဒေသခံအများစုသည် ကျောက်ကို အားကိုး၍ လုပ်ကိုင်ရှာဖွေစားသောက်သူများဖြစ်ကြပြီး လက်တလောအခြေအနေတွင် ကျောက်ကိုအားကိုး၍ ဝမ်းရေးကို ဖြေရှင်းရန် မဖြစ်နိုင်   တော့ကြောင်း ဒေသခံတစ်ချို့က ဆိုသည်။

မိုးကုတ်မြို့မှ ဝါရင့်ကျောက်သမားတစ်ဦးဖြစ်သည့် ဦးထွန်းဝင်း က "မိုးကုတ်သူ၊ မိုးကုတ်သားတွေအနေနဲ့ ကျောက်ကိုအားကိုးလို့ မရတော့ဘူး။ တခြားအလုပ်လေးတွေပါ တွဲလုပ်မှ စားဝတ်နေရေး အဆင်ပြေမယ့်သဘောမှာရှိတယ်။ အခုဆို ထာပွဲမှာ ထိုင်နေတာပဲ ရှိတယ်။ အရောင်းအဝယ်က မဖြစ်ဘူး "ဟု ပြောသည်။

မိုးကုတ်မြို့၏ ကျောက်အရောင်းအဝယ်စျေးကွက်မှာ ၂၀၁၃ ခုနှစ်မှစတင်၍ သိသိသာသာအေးစက်ခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလလယ်လောက်မှစတင်၍ ယနေ့အချိန်အထိ အရောင်းအဝယ် မဖြစ်သလောက် ဖြစ်လာနေသည်ဟု ထာပွဲသို့ လာရောက်ရောင်းဝယ်နေကြသူအများစုက ဆိုသည်။

"အခုမြင်တဲ့အတိုင်းပဲ အရင် တိုးမပေါက်ဘူး။အရောင်းအဝယ်ကလည်း အစားစား ဖြစ်တယ်။ ခုံလွတ်ဆိုတာလည်း မရှိဘူး။ အခုဆို ခုံလွတ်တွေများလာတယ်။ တစ်ချို့ဆို ထာပွဲ မလာကြတော့ဘူး။ အခုကတော့ အချင်းချင်း ထမင်းစားကျောက်လေးတွေ ကံစမ်းမဲနှိုက်သလို ရောင်းဝယ်နေရတယ် "ဟု အရောင်းအဝယ်သမားတစ်ဦးဖြစ်သူ စိုင်းမောင်ဝင်းက ပြောသည်။

မိုးကုတ်မြို့ထာပွဲတွင် ကျောက်အရောင်းအဝယ်ပြုလုပ်သည့် စားပွဲခုံပေါင်း ၄၀၀ ကျော်ရှိခဲ့ပြီး ယခုအခါတွင် ၂၅၀ ကျော်သာ လူရှိနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly