စင်ကာပူက သစ်ခွမျိုးစိတ်တစ်မျိုးအား ဒေါ်အောင်ဆန်းစုကြည် နာမည်မှည့်ခေါ်ကာ ဂုဏ်ပြု

စင်ကာပူက သစ်ခွမျိုးစိတ်တစ်မျိုးအား ဒေါ်အောင်ဆန်းစုကြည် နာမည်မှည့်ခေါ်ကာ ဂုဏ်ပြု
Photo: Xabryna Kek

စင်ကာပူ၊ ဒီဇင်ဘာ ၁ ။              ။ မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုသည့်အနေဖြင့် စင်ကာပူနိုင်ငံက Botanic Gardens ဥယျာဉ်ရှိ သစ်ခွမျိုးစိတ်တစ်မျိုးကို ဒေါ်အောင်ဆန်းစုကြည် နာမည်မှည့်ခေါ်ကာ ဒီဇင်ဘာ ၁ ရက်၌ ဂုဏ်ပြုသည်။

ထိုဥယျာဉ်အတွင်းက ခရမ်းရောင်အဆင်းနှင့် သစ်ခွမျိုးစိတ်တစ်မျိုးကို ဒေါ်အောင်ဆန်းစုကြည် နာမည်ပေးခြင်းဖြစ်ကာ အခြားသော ခေါင်းဆောင်များ၊ ဂုဏ်သရေရှိလူကြီးများ၏ နာမည်မှည့်ခေါ်ပေးထားသော သစ်ခွမျိုးစိတ် ၂၀၀ ကျော်ထက်မနည်းတွင် ပါဝင်ထည့်သွင်းသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်ဖြင့် သုံးရက်တာ ခရီးစဉ်အဖြစ် စင်ကာပူသို့ ရောက်ရှိနေခြင်းဖြစ်သည်။ NLD ဥက္ကဌအဖြစ် ရှိစဉ် ၂၀၁၃ စက်တင်ဘာလအတွင်းက စင်ကာပူသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးရောက်ရှိထားသည်။

စင်ကာပူနိုင်ငံသည် အလည်အပတ်လာရောက်သည့် နိုင်ငံခေါင်းဆောင်များအား ၁၉၅၆ ခုနှစ်မှစတင်ကာ ဂုဏ်ပြုသည့် အနေဖြင့် သစ်ခွမျိုးစိတ်များတွင် ၎င်းတို့၏ နာမည်များ မှည့်ခေါ်လာခြင်းဖြစ်သည်။ သစ်ခွသံတမန်ရေးရာအဖြစ် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်ကာ စင်ကာပူနှင့် အခြားသောနိုင်ငံများ၏ ဆက်ဆံရေးနှင့် မိတ်ဖက်ရင်းနှီးမှု မြင့်မားရေးအတွက်ဖြစ်သည်။

အခြားသောခေါင်းဆောင်များအနေဖြင့် ဗြိတိန် မင်းသား ဝီလျံဇနီးမောင်နှံ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မင်ဒဲလားတို့၏ နာမည်များအပါအဝင် သစ်ခွမျိုးစိတ်များတွင် အထင်ကရပုဂ္ဂိုလ်များ၏ အမည်များကို မှည့်ခေါ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly