အင်္ဂလန်နည်းပြချုပ်အဖြစ် ဂါရတ် ဆောက်ဂိတ် ခန့်အပ်ခံရ

အင်္ဂလန်နည်းပြချုပ်အဖြစ် ဂါရတ် ဆောက်ဂိတ် ခန့်အပ်ခံရ

ဒီဇင်ဘာ ၁၊ လန်ဒန်။              ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေသည် ဂါရတ်ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြအဖြစ် ယူရို ၂၀၂၀ အပြီးထိ လေးနှစ် စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။

လာဘ်ပေး၊ လာဘ်ယူမှုနှင့်ဆက်စပ်နေကြောင်း သတင်းဖော်ပြခံရသည့် ဆမ်အလာဒိုက် အင်္ဂလန်နည်းပြရာထူးမှဖယ်ရှားခဲ့ရပြီး နောက် အင်္ဂလန်ယူ-၂၁ နည်းပြ ဆောက်ဂိတ်သည် လက်ရွေးစင်အသင်းကြီးကို ယာယီနည်းပြအဖြစ် စက်တင်ဘာအကုန်တွင် စတင်တာဝန်ယူခွင့်ရခဲ့သည်။

ယင်းနောက် ဆောက်ဂိတ်သည် စကော့တလန်ကို ၃-၀ ဖြင့်နိုင်သည့်ပွဲ၊ စပိန်နှင့်နှစ်ဂိုးစီသရေကျသည့်ပွဲများအပါအဝင် အင်္ဂလန် အသင်းကို လေးပွဲကိုင်တွယ်ထားရာ၌ ရှုံးပွဲမရှိဘဲ နှစ်ပွဲနိုင်၊  နှစ်ပွဲသရေ ကျခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများသည် တစ်ပတ်ကျော် ဆွေးနွေးပြီးနောက် ဆောက်ဂိတ်ကို တရားဝင်နည်းပြအဖြစ် ခန့်အပ်ကြောင်း ဗုဒ္ဓဟူးနေ့တွင်  ကြေညာခဲ့သည်။

သို့ဖြစ်ရာ အသက် ၄၆ နှစ်အရွယ်နည်းပြသည် အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၂၀ ပြိုင်ပွဲများတွင် တာဝန်ယူ ကိုင်တွယ်ခွင့်ရမည်ဖြစ်သည်။

“အင်္ဂလန်နည်းပြဖြစ်လာခဲ့လို့ သိပ်ဂုဏ်ယူမိတယ်။ သို့သော်လည်း ဒါဟာ အလုပ်ရတာတစ်ခုပဲရှိသေးတယ်ဆိုတာကို ကျွန်တော် သတိကပ်ထားတယ်။ အခုတော့ ဒီအလုပ်ကိုအောင်မြင်အောင် လုပ်ချင်နေပါတယ်”ဟု အက်ဖ်အေဝက်ဘ်ဆိုက်သို့ ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly