ရွှေမိ ပလပ်စတစ်စက်ရုံမှ အလုပ်သမား ၃ဝဝ ခန့် လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆို

ရွှေမိ ပလပ်စတစ်စက်ရုံမှ အလုပ်သမား ၃ဝဝ ခန့် လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆို
ဓာတ်ပုံ - ဦးမျိုးဇော်

ရန်ကုန်၊ နိုဝင်ဘာလ ၃ဝ ။               ။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁) ရွှေမိ ပလပ်စတစ်စက်ရုံမှ အလုပ်သမား ၃ဝဝ ခန့်က ထိုက်သင့်သည့် လုပ်ခ လစာ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း  ရွှေမိပလပ်စတစ် အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဌ ဦးနေဇာထွန်းက ပြောသည်။

ဆန္ဒပြတောင်းဆိုသည်မှာ နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၈ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ၃ ရက်မြောက်ပြီဖြစ်ကြောင်း သိရသည်။

စက်ရုံတွင် အလုပ်သမားဦးရေ ၄၂ဝ ရှိပြီး လူလျှော့ချလိုက်သဖြင့် လက်ရှိတွင် အလုပ်သမား ၃၁ဝ ဦးသာ ကျန်ရှိကြောင်း သိရသည်။ လုပ်သားဦးရေ လျှော့ချလိုက်သော်လည်း ကုန်ထုတ်လုပ်မှုကတော့ ယခင်အတိုင်းသာ ဖြစ်သည်ဟု ဦးနေဇာထွန်းက ပြောသည်။

အလုပ်ချိန်လည်း လျော့ချလိုက်ပြီး နေ့၊ ညအဆိုင်းတို့တွင် အလုပ်ချိန် ၉ နာရီ ၁၀ မိနစ် သတ်မှတ်လိုက်ပြီး သတ်မှတ်ချိန်အတွင်း အပြီးလုပ်ကိုင်ရခြင်းဖြစ်ကာ ယခင် နေ့၊ ည နှစ်ဆိုင်းမှာ အလုပ်ချိန် ၁၁ နာရီမှ ၁၃ နာရီ အသီးသီးဖြစ်ကြောင်း ဦးနေဇာထွန်း ပြောပြချက်အရသိရသည်။

" ဒါပေမယ့် အဲ့ဒီလို လူဦးရေတွေ အချိန်တွေ လျော့သွားပေမယ့် ကုန်ထုတ်လုပ်မှုကို အရင်ကအတိုင်းပဲ ကျွန် တော်တို့ ထုတ်ပေးထားနိုင်တယ်။ အရင်ကထက် အလုပ်တွေ ပိုလုပ်ပေးခဲ့ရတယ်။ ဒါကြောင့် အနိမ့်ဆုံး အလုပ် သမားတစ်ယောက်သည် စုစုပေါင်းလစာ ၂ သိန်း ၂သောင်းလောက်ရရင် ဖြစ်တယ် ဆိုတဲ့ဟာကို သဘောထား တစ်ခု ပေးထားတယ်ပေါ့။ နောက်တစ်ခုက လုပ်ငန်းခွင်မှာ ဓာတုပစ္စည်းတွေ သုံးစွဲရတဲ့အတွက် လုပ်သက်နဲ့ အညီပေါ့နော်။ ဥပမာ လုပ်သက်တစ်နှစ်ရှိတယ် ဆိုရင် တစ်လစာ။ ၂ နှစ်ရှိရင် ၂ လစာပေါ့။ အလုပ်က နှုတ် ထွက်ခံရတာပဲဖြစ်ဖြစ် ၊ အထုတ်ခံရတာပဲဖြစ်ဖြစ် ဒီဟာကို ပေးပါဆိုတဲ့ ဟာမျိုးပေါ့။ အဲ့ဒီအချက် ၂ ချက်ပေါ့။ "ဟု ရွှေမိပလပ်စတစ် အခြေခံအလုပ်သမား အဖွဲ့ အစည်း ဥက္ကဌ ဦးနေဇာထွန်းက ဆိုသည်။

ရွှေမိ ပလပ်စတစ်စက်ရုံမှာ ကိုရီးယား-တရုတ် ဖက်စပ်စက်ရုံဖြစ်ပြီး လက်ရှိတွင် အလုပ်ရှင်ဘက်မှ အကြောင်း ပြန်ခြင်း မရှိသေးကြောင်းသိရသည်။

ရွှေမိပလပ်စတစ် အခြေခံအလုပ်သမား အဖွဲ့အစည်း အတွင်းရေးမှူး ဦးမျိုးဇော်က" ကျွန်တော်တို့ တောင်းဆိုတာတွေကို အလုပ်ရှင်က ညှိနှိုင်းပေးလို့ ပြေလည်သွားရင်တော့ လုပ်ငန်းခွင်မှာ အေးဆေးပြန်ဝင်မယ်ပေါ့ဗျာ။ တကယ်လို့ လုပ်ငန်းရှင်က ညှိနှိုင်းမပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ စီတန်းလှည့်လည်တဲ့အပိုင်းတွေကို ဥပဒေနဲ့ အညီပေါ့ ဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ " ဟု ၄င်းက ဆိုသည်။

အလုပ်သမားများအနေဖြင့် ညှိနှိုင်းမှု အဆင့်ဆင့် လုပ်ဆောင်ခဲ့သော်လည်း အဆင်မပြေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးသို့ တင်ရာ အဆိုပါငွေကြေးအငြင်းပွားမှုကိစ္စမှာ ဥပဒေတွင် မပါဝင်သည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းသင့်ကြောင်း၊ ခုံသမာဓိအနေဖြင့် ဆုံးဖြတ်ချက် မပေးနိုင်ဟု ဆိုကြောင်းကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးတာဝန်ခံ ဦးမင်းသိန်းဟန်က ပြောသည်။

" တကယ်လို့ အလုပ်ရှင်ဘက်က မညှိနှိုင်းဘဲ ဥပဒေဘောင်ကိုကျော်လာပြီးတော့ အလုပ်သမားကို မတရားပေါ့ အလုပ်ထုတ်ပစ်တာမျိုး ဆိုရင်တော့ ချိုးဖောက်တဲ့ အမှုပေါ်ကို မှုတည်ပြီးတော့ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်ပေးဖို့ ရှိပါတယ် "ဟု ၄င်းကဆိုသည်။

အလုပ်သမားများဘက်မှာ ညှိနှိုင်းမှုအနေဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် စာတင်ကာ စက်ရုံအတွင်း အလုပ်ရှင်နှင့် ညှိနှိုုင်းမှု ၃ ကြိမ်လုပ်ခဲ့ကြောင်း၊ လှိုင်သာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးနှင့် လက်ရှိအချိန်ထိ ညှိနှိုင်းထား သည့်မှာ ၅ ကြိမ်ရှိပြီးဖြစ်ကြောင်း ရွှေမိပလပ်စတစ် အခြေခံအလုပ်သမား အဖွဲ့ အစည်း ဥက္ကဌ ဦးနေဇာထွန်း ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly