ဂါရတ်ဘေးလ်၏ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်မှု အောင်မြင်

ဂါရတ်ဘေးလ်၏ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်မှု အောင်မြင်

နိုဝင်ဘာ ၃၀၊ လန်ဒန် ။              ။ လန်ဒန်မြို့တွင် ခွဲစိတ်ကုသခဲ့သည့် ဂါရတ်ဘေးလ်၏ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်မှုမှာ အောင်မြင်ကြောင်း ရီးယဲလ်အသင်းက ထုတ်ပြန်ကြေညာလိုက်သည်။

စပို့တင်းလစ္စဘွန်းအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရရှိခဲ့သော ဂါရတ်ဘေးလ်၏ ဒဏ်ရာကို လန်ဒန်မြို့ရှိ King Edward VII ဆေးရုံတွင် ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှုမှာ အောင်မြင်သော်လည်း ယခင်ခန့်မှန်းထားသည့်အတိုင်း လေးလခန့် အနားယူရဦးမည် ဖြစ်သည်။

ခွဲစိတ်ပြီးနောက်တွင် ဂါရတ်ဘေးလ်က သူ၏ ခြေကျင်းဝတ်အခြေအနေမှာ ကောင်းမွန်ကြောင်းနှင့် ဒဏ်ရာမှအမြန်သက်သာပြီး ဘောလုံးမြန်မြန်ပြန်ကစားနိုင်ရန် ပြုလုပ်သင့်သည်များကို ပြုလုပ်ပြီး အစွမ်းကုန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

‘ဂါရတ်ဘေးလ်ရဲ့ ညာဘက်ခြေကျင်းဝတ်ကို ခွဲစိတ်ကုသခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဆေးအဖွဲ့ရဲ့ ခေါင်းဆောင်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာ ဂျီးဆက်အိုမိုရဲ့ အထူးကြပ်မတ်မှုအောက်မှာ ရီးယဲလ်အသင်းက ဒေါက်တာအာရမ်ဘာရီနဲ့ လန်ဒန်မြို့ King Edward VII ဆေးရုံက ဒေါက်တာဂျိမ်းစ်ကယ်ဒါတို့က ခွဲစိတ်ခဲ့ကြတာ ဖြစ်ပါတယ်’ ဟု ရီးယဲလ်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဂါရတ်ဘေးလ်သည် ဘာစီလိုနာနှင့် အယ်ကလက်စီကိုဒါဘီ၊ ဒေါ့တ်မွန်နှင့် ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲစဉ်၊ ဂျပန်တွင်ကစားရမည့် ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲများအပါအဝင် ရီးယဲလ်အသင်း၏အရေးကြီးပွဲစဉ် အများအပြားကို လွဲချော်ရတော့မည် ဖြစ်သည်။ မတ်လ ၂၄ ရက်နေ့တွင် အိုင်ယာလန်နှင့်ကစားရမည့် ဝေးလ်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly