အမ်း မဲဆန္ဒနယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုပ်ငန်းအစည်းအဝေးပြုလုပ်

အမ်း မဲဆန္ဒနယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုပ်ငန်းအစည်းအဝေးပြုလုပ်
ဓာတ်ပုံ - ရခိုင်ဂေဇက်

စစ်တွေ၊ နိုဝင်ဘာ ၃၀ ။                   ။ ရခိုင်ပြည်နယ််အတွင်း ပြည်သူ့လွှတ်တော်တစ်နေရာ လစ်လပ်နေသည့် အမ်း မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းအစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်နေ့က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အချက်အလက်များ မဲဆန္ဒနယ်မြေအတွင်း ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည့် ကိစ္စရပ်များနှင့် စာရင်းဇယားများပြုစုရမည့် ကိစ္စရပ်များ စသည့်လုပ်ငန်းလိုအပ်ချက်များ နှင့် ပါတ်သက်၍ စတင်ဆောင်ရွက်နိုင်ရန်ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ပြည်နယ် ရွေးကောက်ပွဲအရာရှိနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

“ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာက ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာက လစ်လပ်နေ ရာ တစ်နေရာပဲရှိတာပါ။ အမ်းမြို့နယ်က ပြည်သူ့လွှတ်တော် တစ်နေရာတည်းပါ။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ကြား ဖြတ်အတွက် မဲစာရင်းတွေကို မှန်ကန်မှုရှိမရှိ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နပါပြီ။ ဝင်ပြိုင်မယ့် ပါတီတွေက ကိုယ်စား လှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကိုလည်း လက်ခံနေပါတယ်”ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိန်မောင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များအပေါ် လုပ်ငန်း ညှိနှိုင်း ဆောင်ရွက်မှုများ၊ ပြီးခဲ့သည့်ရွေးကောက်ပွဲ၏ အားနည်းချက်များရှိနေသည်ကို ကော်မရှင်အဖွဲ့ဝင်များက ထောက် ပြဆွေး နွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အမ်းမဲဆန္ဒနယ် လစ်လပ်နေရာအတွက် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသောင်းအေးတို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များထဲမှ လစ်လပ်နေရာ (၁၉) နေရာအတွက် လာမည့်ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ် ရွေး ကောက်ပွဲ တစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly