ဟောင်ကောင်က သိမ်းယူထားသည့် သံချပ်ကာများ ပြန်ရရေး လုပ်ပိုင်ခွင့်အားလုံးကို အသုံးချသွားမည်ဟု စင်ကာပူပြော

ဟောင်ကောင်က သိမ်းယူထားသည့် သံချပ်ကာများ ပြန်ရရေး လုပ်ပိုင်ခွင့်အားလုံးကို အသုံးချသွားမည်ဟု စင်ကာပူပြော

စင်ကာပူ၊ နိုဝင်ဘာ ၂၉ ။              ။ ဟောင်ကောင်အကောက်ခွန် အာဏာပိုင်များ သိမ်းယူထားသည့် သံချပ်ကာယာဉ်များ ပြန်လည်ရယူရေးတွင် လုပ်ပိုင်ခွင့်အားလုံးကို အပြည့်အဝအသုံးချသွားမည်ဖြစ်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ငိုင်အန်းဟန်က နိုဝင်ဘာ ၂၉ ရက်၌ ပြောသည်။

သင်္ဘောကန်ထရိုက်တာ APL အနေဖြင့် ဟောင်ကောင်အာဏာပိုင်များနှင့် နိုဝင်ဘာ ၂၉ ရက် နှောင်းပိုင်းတွင် ယင်းကိစ္စရပ်ကို ဦးစွာဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုတွေ့ဆုံမှု၏ ရလဒ်ကို စင်ကာပူစစ်တပ် SAF က အနီးကပ်စောင့်ကြည့်လျက်ရှိပြီး နောက်ပိုင်း ထွက်ပေါ်လာသည့် ရလဒ်ပေါ်မူတည်ပြီး သင့်တော်သလို ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

“ဒီအစည်းအဝေးပြီးရင်တော့ ဟောင်ကောင်က သံချပ်ကာယာဉ်တွေကို ဖမ်းယူသိမ်းဆည်းရခြင်းနဲ့ ပတ်သက်ပြီး အကြောင်းပြချက်၊ တရာရေးအချက်အလက်ကို ရှင်းရှင်းလင်းလင်း သိရပါပြီ။ ဒါကြောင့် အစည်းအဝေးရလဒ်ကို ကျွန်တော်တို့ စောင့်နေတာပါ။”ဟု ငိုင်အန်းဟန်က ပြောသည်။

“ဒီနောက်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စင်ကာပူအစိုးရအနေနဲ့ ဒီသံချပ်ကာယာဉ်တွေ ပြန်ရရေးကို လုပ်ဆောင်သွားမှာပါ။ စည်းမျဉ်းစည်းကမ်းအားလုံးနဲ့ ညီအောင် ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘောင်အတွင်းက လုပ်ပိုင်ခွင့်အားလုံးကို အပြည့်အဝအသုံးချသွားမှာဖြစ်ပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီးဌာန အခမ်းအနားတစ်ခု၌ ၎င်းက ပြောခဲ့သည်။

ထိုင်ဝမ်တွင် စစ်ရေးလေ့ကျင့်ပြီးနောက် စင်ကာပူသို့ ပြန်လည်သယ်ဆောင်လာစဉ် ဟောင်ကောင်၌ ခြေလျင်တပ်သံချပ်ကာယာဉ် ကိုးစီးအား နိုဝင်ဘာ ၂၃ ရက်က သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly