ပြိုင်ဘက်များငွေးကြေးများစွာသုံးနေခြင်းကို ဂရုမစိုက်ဟု မော်ရင်ဟိုပြော

ပြိုင်ဘက်များငွေးကြေးများစွာသုံးနေခြင်းကို ဂရုမစိုက်ဟု မော်ရင်ဟိုပြော

ဇူလိုင် ၁၉၊ မွန်ထရီရယ်။ ။ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ဘက်များ ငွေးကြေးများစွာသုံးစွဲနေသော်လည်း ဂရုစိုက်နေမည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

ချယ်လ်ဆီးကစားသမားများအနေဖြင့် ချန်ပီယံဆုကို ကာကွယ်ရန် ယခင်ထက်ပိုကောင်းအောင်ကြိုးစားရမည်ဖြစ်ကြောင်းလည်း မော်ရင်ဟိုက ဆိုသည်။

ချယ်လ်ဆီးအသင်းသည် အဲဗာတန်မှ ဂျွန်စတုန်းကို ကမ်းလှမ်းမှုထပ်မံပြုလုပ်ရန်ရှိနေသေးသော်လည်း မော်ရင်ဟိုက အပြောင်းအရွှေ့ကာလ အတွင်း ငွေကြေးအမြောက်အမြားသုံးစွဲရန်မလိုဟု ပြောသည်။

ချယ်လ်ဆီး၏ပြိုင်ဘက်များဖြစ်သော မန်ယူနှင့် မန်စီးတီးအသင်းတို့မှာ အပြောင်းအရွှေ့ဈေးကွက်ကို လွှမ်းမိုးထားပြီး ကစားသမားသစ်များ အတွက် ပြောင်းရွှေ့ကြေးများစွာ သုံးစွဲထားကြသည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး ဒရော့ဘာနေရာတွင် ဖယ်လ်ကာအို၊ ဂိုးသမား ပီတာချက်နေရာတွင် ဘီဂိုဗစ်တို့ကိုသာ အစားထိုးခေါ်ယူထားသည်။

မန်ယူနှင့်မန်စီးတီးတို့ ငွေးကြေးသုံးစွဲခြင်းကို ဝေဖန်နေခြင်းမဟုတ်ကြောင်း မော်ရင်ဟိုကပြောသည်။ "ကျွန်တော်မဝေဖန်ပါဘူး။ ဆန့်ကျင်တာလည်း မဟုတ်ပါဘူး။ ကျွန်တော်နားလည်လက်ခံပါတယ်။ ကျွန်တော်မကြောက်ဘူး။ တကယ်လို့တစ်ယောက်ယောက်က ကျွန်တော့်ကို 'မော်ရင်ဟိုရေ မင်းတားဆီးနိုင်ပါ့မလား' လို့မေးလာရင် လုပ်နိုင်မယ်လို့ ပြန်ဖြေလိုက်မှာပါ။

ကျွန်တော့်ပြိုင်ဘက်တွေကို ဘယ်လိုလုပ် ဝယ်ပြီး ရင်း ဝယ်စေချင်ပါ့မလဲ။ သူတို့ကို မဝယ်နဲ့ ဒါမှမဟုတ် မကောင်းတာဝယ်လို့လည်း သွားတားလို့မရဘူးလေ။ ကျွန်တော်ဂရုမစိုက်ပါဘူး။ ဈေးကွက်ထဲမှာ တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းဖောင်းပွလာတယ်။ နောက်နှစ်ဆို ပိုဆိုးလာနိုင်ပါတယ်။ ဒီနှစ်မှာဆိုရင် စတာလင်းရဲ့ ပြောင်းရွှေ့ကြေးကို အံ့သြကြရတယ်။ ဒါပေမဲ့နောက်နှစ်ပိုဆိုးလာနိုင်ပြီး ပေါင်သန်း ၆၀ တန်ပေါ်လာနိုင်တယ်။ ဘောလုံးက ဒီလိုပါပဲ။

ဒီအတွက် ကျွန်တော် မတည်မငြိမ်ဖြစ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းအတွက်လည်း ကျေနပ်ပါတယ်။ အဲဒီလို ပါဝါကြီးသူတွေနဲ့ ယှဉ်ပြိုင်ရတာကို ပျော်ပါတယ်။ ပြီးတော့ ကစားသမားတွေကိုလည်း ပြောထားတယ်။ ကျွန်တော်တို့အသင်းကမပြောင်းလဲ ပေမယ့် ကျန်တဲ့အသင်းတွေကတော့ ပြောင်းလဲမှုတွေရှိတယ်။ ကျွန်တော်တို့ထက်ပိုကောင်းဖို့ သူတို့ငွေသုံးတယ်၊ ဝယ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အသင်းအထိုင်မပျက်ဘူး။

တိုက်စစ်မှူးတစ်ယောက်အတွက်နောက်တစ်ယောက်၊ ဂိုးသမားတစ်ယောက်အတွက် နောက်တစ်ယောက်ပဲ ပြောင်းထားတယ်။ ဒီလူတွေနဲ့အောင်ပွဲရဖို့ တစ်ခုတည်းသောနည်းလမ်းက ဒီလူတွေပိုကောင်းလာဖို့ပဲ။ အဲဒါက စိန်ခေါ်မှု ကြီးတစ်ခုပါ။ ကစားသမားတစ်ဦးချင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်ကထက်ပိုကောင်းဖို့လိုတယ်။ 'မနှစ်တုန်းက ငါတယ်ကောင်းပါလား' ဆိုတာလောက်နဲ့ မရတော့ဘူး"ဟု မော်ရင်ဟိုက ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly