ကျူးဘား တော်လှန်ရေးခေါင်းဆောင်ကို တရုတ်၊ ဗီယက်နမ်တို့ အရိုအသေပေး

ကျူးဘား တော်လှန်ရေးခေါင်းဆောင်ကို တရုတ်၊ ဗီယက်နမ်တို့ အရိုအသေပေး
(ဓာတ်ပုံ - အီးပီအေ)

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကျူးဘားပြည်သူများထံ မိမိဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီးတဲ့နောက် မကြာမီရက်အတွင်း ဘေဂျင်းရှိ ကျူးဘားသံရုံးမှာ လူများစွာက ကွယ်လွန်သွားတဲ့ တော်လှန်ရေးသမားရဲ့ ပုံတူအောက် ပန်းစည်းနှင့် လွမ်းသူ့ပန်းခွေများ ချထားကာ ကျူးဘားခေါင်းဆောင် ဖီဒယ်ကက်စထရိုကို တနင်္လာနေ့က အရိုအသေပေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ကက်စထရို ကွယ်လွန်သွားပြီးနောက် သမ္မတ ရှီကျင့်ဖျင်က "တရုတ်လူမျိုးများက ကောင်းမွန်သူ တစ်ဦးနှင့် စစ်မှန်တဲ့ ရဲဘော်ရဲဘက်တစ်ဦးကို ဆုံးရှုံးခဲ့ရပြီ"လို့ ချက်ချင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ "ကက်ထရိုရဲ့ အမှတ်တရများဟာ အစဉ်အမြဲ ရှင်ကျန်ရစ်လိမ့်မယ်"လို့ CRI English က ကိုးကားဖော်ပြခဲ့ပါတယ်။

ကက်စထရို အာဏာရလာပြီး နောက်တစ်နှစ် ၁၉၆၀ ခုနှစ်မှာ ကျူးဘားနိုင်ငံဟာ တရုတ်နဲ့ သံတမန်ဆက်ဆံရေး ဖွဲ့စည်းဖို့ ပထမဦးဆုံး လက်တင် အမေရိကန်နိုင်ငံဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဖီဒယ်ကက်စထရိုအား သူ့ရဲ့ အမေရိကန် နယ်ချဲ့ဝါဒကို ငြိမ်းချမ်းစွာ တော်လှန်တဲ့အတွက် ၂၀၁၄ ခုနှစ်က ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။

ယနေ့တရုတ်နိုင်ငံဟာ ဗင်နီဇွဲလားပြီးရင် ကျူးဘားရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်နေဆဲဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ အဆိုအရ သိရပါတယ်။

ဗီယက်နမ်အစိုးရကလည်း ရာပေါင်းများစွာတဲ့ အရာရှိများနှင့် သံတမန်ရေးရာ ကိုယ်စားလှယ်များ ဟနွိုင်းရှိ ကျူးဘားသံရုံးမှာ ကက်စထရိုကို အရိုသေပေးဖို့ တနင်္လနေ့က တက်ရောက်ခဲ့ပါတယ်။

ဗီယက်နမ်ရဲ့ ကွန်မြူးနစ်ပါတီကလည်း ကက်စထရို ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းသတင်းစကားကို ကျူးဘားသို့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကက်စထရိုဟာ သူ့အစ်ကို,ကို အာဏာလွှဲပြောင်းတဲ့ ၂၀၀၈ ခုနှစ်အထိ ကျူးဘားနိုင်ငံရဲ့ ဝန်ကြီးချုပ်နှင့် သမ္မတအဖြစ်ဆယ်စုနှစ် လေးခုကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Fulgencio Batista အစိုးရရဲ့ အကျင့်ပျက်ခြစားမှုများနှင့် ဖိနှိပ်မှုအောက်မှ ကျူးဘားနိုင်ငံကို ၁၉၅၉ ခုနှစ်က လွတ်မြောက်အောင် လုပ်ဆောင်သူ အသက် ၉၀ အရွယ် တော်လှန်ရေးခေါင်းဆောင်ဟာ ဟာဗားနာမှာ ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် တိုင်းပြည် ဝမ်းနည်းပူဆွေးတဲ့ကာလအဖြစ် ၉ ရက် သတ်မှတ်ကြောင်း ကျူးဘားနိုင်ငံက ကြေညာလုုိက်ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly