ဘာမှန်းမသိတဲ့ စကားနာများ

ဘာမှန်းမသိတဲ့ စကားနာများ

မောင်မှန်တို့ငယ်ငယ် ကောင်းကင်က Sky Lab ဆိုလား ဘာလား၊ ပြုတ်ကျလာမှာကို ကြောက်ရတဲ့ ကာလတစ်ခု ရှိခဲ့ဖူးတယ်။ ဂျပန်ကလား အနောက်နိုင်ငံတစ်ခုခုကလား လွှတ်တင်ထားတဲ့ဂြိုလ်တု ပျက်ကျတယ်ဆိုတော့ ကိုယ့်ခေါင်းပေါ်ပြုတ်ကျလာမလား စိုးရိမ်လိုက်ကြရတာ၊ နောက်တော့ ပင်လယ်ထဲ ကျသွားတယ်ထင်ပါရဲ့။

အခုလည်း ဖားကန့်မှာ ဘာမှန်းမသိတဲ့ဟာကြီးတစ်ခု မ်ိုးပေါ်ကပြုတ်ကျလာခဲ့တယ်။ ရေမဆေးကျောက် ရှာသူတွေအပေါ် တည့်တည့်များကျလိုက်လို့ကတော့ သက်သာမှာမဟုတ်ဘူး။ အဲဒါကြိီးကို ခုထိလည်း ဘယ်ကမှန်း ဘာမှန်း မသိကြရသေးပါဘူး။ လောလောဆယ်တော့ မိုးနတ်မင်းရဲ့လက်ဆောင်လို့ပဲ သဘောထားကြရုံပါပဲ။ အံ့သြစရာတော့ကောင်းတယ်၊ ပြုတ်ကျလာတဲ့ ဒီလောက်ကြီးတဲ့ ဟာကြီးကို ဗမာတနိုင်ငံလုံးကလည်း ဘာမှန်းမသိဘူး၊ ဒါကြီးရဲ့ပိုင်ရှင်နိုင်ငံ(ဒါမှမဟုတ်) ကုမ္ပဏီတရပ်ရပ်ဘက်ကလည်း ဘာမှ ကြေညာချက် ထွက်မလာဘူး။ ( သူတို့ကတော့ ပြဿနာရှိလို့ မသိချင်ယောင်ဆောင်နေတာ ဖြစ်ဖို့ များတယ်။)ဗာရာဏသီပြည်မှာ ဘာမင်းကြီးစိုးစံတုန်း ဘာသီးကြီးကို ဘာဘာဘာမှမသိတဲ့ ဇာတ်လမ်းပဲ။

ဘာမှန်းမသိတာတွေကလည်း အများသား။ ဒါနဲ့ မရှေးမနှောင်းမှာပဲ ပြည်ထောင်စုအစိုးရရဲ့ လည်/ဆည် ဒုဝန်ကြီးတစ်ပါး တာဝန်က အနားပေးခံရတယ်။ အစိုးရသစ်လက်ထက်မှာ ပထမဆုံး အဖြုတ်ခံလိုက်ရတာပဲ။ သတင်းတွေကလည်း မျိုးစုံထွက်တယ်။ အဖြုတ်ခံရတဲ့ ဒုဝန်ကြီးဘက်ကတော့ ချက်ချင်းရှင်းပါတယ်။ ၀န်ကြီးနဲ့ စကားများလို့ ဘာတို့ စတာတွေကနေ ဦးဝင်းထိန်က နေပြည်တော်ကောင်စီပြောင်းဖို့ လုပ်ခိုင်းတာ၊ နောက် ကိုယ့်ဟာကို ထွက်စာတင်ရင်တင်၊ မတင်ရင် ထုတ်မယ်ဆိုတဲ့အထိ ပြောတာတွေကို မီဒီယာတွေကို ဖွင့်ချပါတယ်။ အစိုးရသစ်ဘက်ကတော့ ခုချိန်အထိ တရားဝင် ပြန်လည်ဖြေရှင်းတာ ဘာမှမလုပ်ပါဘူး။ တဖက်ခြမ်းက တရားမဝင် အကြားအမြင်တွေကို ပြောရရင် ဒုဝန်ကြီးက လုပ်ငန်းခွင်ထဲမှာ အလုပ်မဖြစ်အောင် ဖျက်မြင်းလုပ်နေသလိုလိုဆိုပဲ၊ ထားပါတော့။

ဖျက်မြင်းလုပ်နေတယ်ပဲထား၊ အဲဒီဝန်ကြီးက အစိုးရသစ်ကပဲ ရွေးချယ်ခန့်ထားတာလေ။ သူ့ဖါသူ တက်လုပ်တာမှ မဟုတ်ဘဲ။ ဟုတ်ပြီ၊ သူ့ကိုဖြုတ်ပြီဆိုတော့လည်း ပြည်သူတွေကို ရေရေရာရာ အသိပေးဖို့ ကောင်းတာပေါ့။ ဒုဝန်ကြီးဘက်က ပြောတဲ့ ရှင်းလင်းချက်တွေက ရှိနေပြီလေ။ အစိုးရဘက်က ဘာမှပြန် မရှင်းတော့ ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာရောက်တာပေါ့။ ဒုဝန်ကြီးပြောတဲ့အတိုင်း အမှန်ဆို အစိုးရအဖွဲ့နဲ့ ဘာမှမဆိုင်သူတစ်ယောက်ကလာပြီး ခင်ဗျား ဟိုကိုရွှေ့ရမယ်၊ ဒီကိုပြောင်းရမယ်၊ ထွက်စာတင်ရမယ်၊ ထွက်ရမယ် စသဖြင့် ပြောဆိုထိန်းချုပ်နေခြင်းဟာ ဒီမိုကရေစီနဲ့ လားလားမှ မအပ်စပ်ဘူးလို့ မောင်မှန် မြင်ပါတယ်။ ဘယ်သူထွက် ဘယ်ဝါထွက်ဆိုပြီး ကြောင်းကျိုးမဲ့အာဏာပြနိုင်တာဟာ စစ်အာဏာရှင်တွေသာ ရှိပါတယ်။ ဒုဝန်ကြီးနဲ့ အစိုးရအဖွဲ့၊ ဒါမှမဟုတ် ၀န်ကြီးဌာနရဲ့ အတွင်းပိုင်းဆက်ဆံရေးအခြေအနေတွေကို မောင်မှန်တို့ ဘာမှမသိပါဘူး။ ခုဖြစ်စဉ်မှာ ဒုဝန်ကြီးပဲ မှန်သလား၊ တဖက်ကပဲ မှန်သလားဆိုတာလည်း မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် အပြင်သဏ္ဍာန်တွေအရတော့ ဒုဝန်ကြီးဘက်က မှန်တယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဒုဝန်ကြီးကိုဖြုတ်လိုက်တဲ့ ပုံစံဟာ သမိုင်းမှာ ကျန်ခဲ့ပါပြီ။ အစဉ်အလာဆိုးလို ဖြစ်ခဲ့ပါပြီ။ မင်းတို့က ဘာသိလို့ ဒီလိုဝင်ပြောရတာလဲ၊ သောက်ရူးတွေလားလို့ မောင်မှန်အမေးခံရရင်လည်း မသိလိုမေးတာ၊ ပြောပြပေးပါ၊ သောက်ရူးတော့ မဟုတ်ပါဘူးခင်ဗျာလို့ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်မှာပါ။

ပြည်သူတွေက လူကိုမကြည့် ပါတီကိုပဲကြည့်ပြီး မဲပေးခဲ့တဲ့ အစိုးရပါ။ အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖွဲ့စည်းနိုင်သူ ကရော ဘယ်မူနဲ့ အစိုးရအဖွဲ့ဝင်တွေကို ရွေးချယ်ဖွဲ့စည်းသလဲတော့ မသိဘူးပေါ့လေ၊ မှတ်မှတ်ရရ ဒီ လယ်/ဆည် ၀န်ကြီးဌာနပါပဲ၊ ၀န်ကြီးက ပြောခဲ့ဖူးတယ်။ လယ်သမားတွေ ငွေချေးပြီး ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ကြဘူးတဲ့။ ပြည်သူတွေလည်း မှတ်မိကြမှာပါ။ အရင်အစိုးရဝန်ကြီးက လူပျင်းတွေလို့ စွပ်စွဲတယ်။ တိုင်းပြည်ရဲ့ကျေးဇူးရှင်ဆိုတဲ့ လယ်သမားတွေကို သူတို့ ပြစ်မှားစော်ကားခဲ့ကြတာ၊ အဲဒါတောင် သူတို့ ဘာမှမဖြစ်ခဲ့ကြပါဘူး။ ( အရင်ဝန်ကြီးကတော့ထား၊ ခုဝန်ကြီးလည်း ထားရမှာပါပဲ။) အခုတော့ ပြည်သူတွေ ဘာမှန်းမသိဘဲ ဒုဝန်ကြီးတစ်ပါးလည်း နားသွားပါပေါ့ခင်ဗျာ။

မောင်မှန်ကတော့ ဝေဖန်ထောက်ပြမိပါပြီ။ မောင်မှန်တင်မက အခြားအခြားသော ဝေဖန်ထောက်ပြမှု တွေနဲ့ပတ်သက်ပြီး NLD နာယကကြီး သူရဦးတင်ဦးက NLD ရုံးချုပ်မှာပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ခုလို တုန့်ပြန်ပြောကြားသွားပါတယ်။ “ ကျွန်တော်တို့ပြောခဲ့တဲ့ ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ဆိုတာလေးကို ကောက်ကောက်ပြီးတော့ စကားနာထိုး ပြောနေတာက ကျွန်တော်တို့ အလုပ်ချိန် ဘယ်လောက်ရှိသလဲ၊ ရှေ့ကကျန်ခဲ့တဲ့ ဒုက္ခသုက္ခတွေက ဘယ်လောက်များသလဲ၊ ဒါတွေကိုလည်း ပြန်ကြည့်ဖို့လိုပါတယ်၊ ဒီကြားထဲမှာ လုပ်ရကိုင်ရတဲ့ လုပ်ငန်းတွေမှာ တကယ်ပြောင်းလဲလာအောင် လုပ်ဖို့ဆိုတာကတော့ အကုန်လုံး ၀ိုင်းလုပ်မှရမယ့်ကိစ္စပါ”တဲ့။

ဦးတင်ဦးပြောတာ မှန်သလောက် မှန်ပါတယ်။ မှားသလောက်လည်း မှားပါတယ်။ NLD အလုပ်လုပ်ချိန်က ခြောက်လကျော် ရှိပါပြီ။ ရှေ့ကကျန်ခဲ့တဲ့ ဒုက္ခသုက္ခတွေဆိုတာလည်း မနည်းပါဘူး။ တကယ့် အပျက်အစီး ပုံကြီးပါပဲ။ မောင်မှန်တို့ ပြည်သူတွေ ပြန်လည်းကြည့်ပါတယ် သဘောလည်းပေါက်ပါတယ်။ အမှန်လည်း အမှန်ပါပဲ။ တကယ်ပြောင်းလဲလာအောင်လည်း ၀ိုင်းလုပ်ကြရမှာပါ။ ဒါလည်း မလွဲပါဘူး။

အဲ မှားသလောက်မှားတာကို ပြောပါ့မယ်။ ခြောက်လအတွင်းမှာ NLD ပါတီထိတ်တန်းခေါင်းဆောင်ပိုင်းက အာဏာရှင် ဆန်သင့် ဆန်ရမှာပဲ၊ အာဏာရှင်ပလန်ပေါ့ဆိုပြီး ကိုယ့်ကိုယ်ကို အာဏာရှင်ဘွဲ့ခံလိုက်တာ မှားများ မှားနေပြီလား။ မီဒီယာနဲ့ဆက်ဆံရေး အမှားတွေကလည်း ထင်ရှားလှပါတယ်။ ဒါတွေအားလုံးဟာ ရှေ့လူတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ပြည်သူတွေအပေါ် ရှေ့လူတွေပေးခဲ့တဲ့ ဒုက္ခမျိုးကို နောက်လူတွေက ထပ်ပေးသလိုများ ဖြစ်လာအုန်းမှာလား မေးရမလို ဖြစ်မနေပေဘူးလား။ မေးများ မေးမိရင်လည်း သောက်ရူး အပြောမခံရ ကံကောင်းပါခင်ဗျား။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly