ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေ၍ မုံးကိုးဘက်မှ စစ်ပြေး ဒုက္ခသည် သောင်းချီ တရုတ်နိုင်ငံသို့ ထွက်ပြေးနေ

ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေ၍ မုံးကိုးဘက်မှ စစ်ပြေး ဒုက္ခသည် သောင်းချီ တရုတ်နိုင်ငံသို့ ထွက်ပြေးနေ

ချင်းမိုင်၊ နိုဝင်ဘာလ ၂၈ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တည်ငြိမ်နေပြီသော်လည်း မုံးကိုး၊ ဖောင်းဆိုင်ဘက်တွင် မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး တရုတ်နိုင်ငံဘက်သို့ စစ်ပြေး ဒုက္ခသည်များ အများအပြား ထွက်ပြေးလာကြောင်း သိရသည်။

 “ကျနော်တို့ မူဆယ်အပိုင်းမှာတော့ တိုက်ပွဲ မဖြစ်ဘူး။ ကျောင်းတွေ၊ ဘဏ်တွေလည်း ပြန်ဖွင့်ပါပြီ။ ၂၅ ရက်ကနေ စပြီး ခရီးသည် တင်ကားတွေ ထွက်နေပါပြီ။ အဲဒီဘက်ကြတော့ နယ်မြေကလည်း မတည်ငြိမ်သေးဘူးလေ။ ဟိုဘက်ပန်ဆိုင်း၊ ဖောင်းဆိုင်၊ မုံးကိုးဘက်မှာတော့ တိုက်ပွဲ နည်းနည်းပြင်းတာပေါ့နော်။ ခုထိ ထိတွေ့မှုဖြစ်တယ်လို့တော့ ကြားနေတယ်” ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

မုံးကိုး ဗျူဟာကုန်း၊ မန်ကန်၊ ပန်ခန်းတံတား၊ ဖိုင်ကောင်းအနီးစသည့်နေရာများ အပါအဝင် နေရာ ၆ ခုတွင် လက်ရှိအ ချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လက်ရှိ မုံးကိုး၊ ဖောင်းဆိုင်ဘက်မှ စစ်ပြေးဒုက္ခသည် အများ အပြားသည် တရုတ်နိုင်ငံ ဝမ်တိန်၊ မန်ဟိုင်းနှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ပြေး ဒုက္ခသည်များကို ကူညီပေးနေသော မုံးကိုး ဒေသခံ တစ်ဦးက ပြောသည်။

“ မုံးကိုးဒေသနဲ့ ဖောင်းဆိုင်ဒေသဘက်ကနေ ရောက်လာတဲ့ ဝမ်တိန်၊ မန်ဟိုင်းနဲ့တချို့ ဆွေးမျိုးတွေအိမ်မှာ ခိုလှုံတယ်။ တရုတ် အစိုးရ စာရင်းအရ ဒုက္ခသည် နှစ်သောင်း ရှိပြီ။ တချို့က ဘာသာရေးဘုရားကျောင်း တွေမှာ နေကြတယ်။ တချိုက တရုတ်ဘက်မှာရှိတဲ့ ကောင်းခမ်၊ လွယ်နမ်း၊ ပန်ဝါး၊ မန်ကျိန် ရွာတွေမှာ ရှိတဲ့ စခန်းတွေ အားလုံးပေါင်းရင် စခန်း ၂၀ ရှိတယ်။ သူတို့အတွက် စားသောက်ဖို့ တရုတ်အစိုးရက တာဝန် ယူနေတယ်။ ကျန်းမာရေးရော၊ နေရေးထိုင်ရေးရော အကုန်လုံး တာဝန်ယူပေးနေပါတယ်” ဟု ဒုက္ခသည်များကို ကူညီနေသူ တစ်ဦးက ပြောသည်။

ဝမ်တိန်တွင် ဒုက္ခသည်စခန်း ၁ ခု၊ မန်ဟိုင်းတွင် ဒုက္ခသည်စခန်း ၅ ခုနှစ် မုံးကိုးနှင့် ဖောင်းဆိုင်တစ်ဖက်ကမ်း တရုတ်နယ် စပ်ရှိ ကျေးရွာများရှိ ဘာသာရေးဘုရားကျောင်းများမှ ဒုက္ခသည်စခန်းများ အပါအဝင် ဒုက္ခသည်စခန်း ၂၀ခုထိ ရှိနေပြီ ဖြစ်ကြောင်း၎င်း၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် တပ်မတော်က ၁၀၅ မိုင်လမ်း၊ ကွန်လုံလမ်း၊ တာမိုးညှဲလမ်းဘက်မှ စစ်အင်အားတိုးမြင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။

မူဆယ်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်သွားသော ဒုက္ခသည် အများအားဖြင့် မိမိနေ ရပ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သော ဖောင်းဆိုင်၊ မုံးကူးဘက်မှ သောင်းချီ စစ်ပြေးဒုက္ခသည်များက မူ ၄င်းတို့ နယ်မြေမတည်ငြိမ်သေးသဖြင့် တရုတ်နိုင်ငံဘက်သို့ ခိုလှုံနေဆဲ ဖြစ် သည်ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောသည်။

“တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် မှန်းရခက်တယ်။ သုံးပိုင်းရှိမှာပေါ့။ ကျနော်တို့ မူဆယ်ကနေပြီးတော့မှ သွားတဲ့အပိုင်းက အားလုံးနီးပါး ပြန်ဝင်နေပါပြီ။ ပန်ဆိုင်း ၊ ကြူကုပ်ကနေ ဝမ်တိန် တရုတ်ဘက်ခြမး်ကို ကူးနေတဲ့ အဖွဲ့ ရယ်။ နောက်ပြီးတော့ မုံုးကိုး ဘက်ကနေ မန်ဟိုင်းဘက်က ကူးတဲ့အဖွဲ့ တွေထဲက ပညာရေးဝန်ထမ်းတချို့တော့ ရောက် လာတယ်။ တစ်ချို့ အရပ်သားတွေကတော့ ဆွေးမျိုးတွေ ရှိတဲ့အခါကြတော့ သူတို့ မပြန်ရသေးဘူး။ နယ်မြေ မငြိမ်သေး တဲ့ အတွက်ကြောင့်မို့ အားလုံးပေါင်းရင်တော့ သောင်းကျော်ရှိတာ ဖြစ်နိုင်ပါတယ်။ တရုတ်ဘက်ခြမ်းမှာ ရှိနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့များဖြစ်သော KIA၊ TNLA၊ AA နှင့် MNDAA တို့က မူဆယ်၊ ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းအနီးတွင် ၀င်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုများ ရှိနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly