လာမည့်သီတင်းပတ်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားရောက်ရန်ရှိ

လာမည့်သီတင်းပတ်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားရောက်ရန်ရှိ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

လာမည့်သီတင်းပတ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူသို့ သွားရောက်ရန် ရှိကြောင်း နိုဝင်ဘာ ၂၇ ရက်၊ တရားဝင်ထုတ်ပြန်ချက်တစ်ရပ်အရ သိရသော်လည်း ခရီးစဉ်နှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်း မရှိပေ။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်တွင် ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီ ၁ ရက်က NLD အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး အာရှခေါင်းဆောင်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ လီရှန်လွန်း လာရောက်လည်ပတ်ခဲ့သည်မှစကာ မြန်မာနှင့် စင်ကာပူနိုင်ငံအကြား ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ မြန်မာခရီးစဉ်အတွင်း ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည့် နှစ်နိုင်ငံများ ပြည်သူများအနေဖြင့် ပတ်စ်ပို့ရှိရုံဖြင့် ရက် ၃၀ ဗီဇာကင်းလွတ်လည်ပတ်ခွင့်အား သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

စင်ကာပူသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှပ်နှံသည့်နိုင်ငံဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာအထိ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၅၉၆ ဘီလီယံ ရင်းနှီးမြှပ်နှံထားသည်။

မြန်မာနှင့် စင်ကာပူသည် ၁၉၆၆ ခုနှစ်မှစကာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly