ရွှေတူးဖော်ရေးစွန့်ပစ် မြေစာပုံကြောင့် သီးနှံစိုက်ခင်းနှင့် လူနေအိမ်တစ်ချို့ ရွှေ့ပြောင်းပေးနေရ

ရွှေတူးဖော်ရေးစွန့်ပစ် မြေစာပုံကြောင့် သီးနှံစိုက်ခင်းနှင့် လူနေအိမ်တစ်ချို့ ရွှေ့ပြောင်းပေးနေရ
သိဒ္ဓိအောင်ရွှေ ရွှေတူးဖော်ရေးကုမ္ပဏီမှ ရွှေတူးဖော်နေသည့် လုပ်ငန်းခွင်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ၊ အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာနှင့် ထီးတင်တောင်ကျးရွာတွင် ရွှေတူးဖော်ရေးကုမ္ပဏီမှ စွန့်ပစ်သော မြေစာပုံကြောင့် သီးနှံစိုက်ခင်းတစ်ချို့နှင့် လူနေအိမ်တစ်ချို့   ရွှေ့ပြောင်းပေးနေရသည်ဟု ထီးတင်တောင်ကျေးရွာက ဦးညွှန့်လွင်က မဇ္ဈိမကိုပြောသည်။

အဆိုပါကျေးရွာနှစ်ရွာကြားရှိ ထီးတင်တောင်တွင် သိဒ္ဓိအောင်ရွှေမိုးရွှေတူးဖော်ရေးကုမ္ပဏီက ၂၀၁၁ ခုနှစ်မှစတင်၍ စက်ယန္တရားများဖြင့် တောင်ဖြိုကာရွှေတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ကိုင်၍ ထွက်ရှိလာသောမြေစာများကို ကျေးရွာများအနီးတွင် စွန့်ပစ်နေခြင်းကြောင့် မြေစာများဖုံးလွှမ်းမှုကြောင့် သီးနှံစိုက်ခင်းများနှင့် လူနေအိမ်တစ်ချို့ ပျက်စီးခဲ့ခြင်းများရှိသည်ဟု   ဒေသခံတစ်ချို့က ဆိုသည်။

ထို့ကြောင့် ဒေသခံများက စုပေါင်း၍ ၂၀၁၁ ခုနှစ်ကပင် စတင်၍ အစိုးရအဖွဲ့ထံ အကြိမ်ကြိမ် စာတင်၍ တိုင်ကြားမှုများပြုလုပ်ခဲ့သော်လည်း တစ်ကြိမ်မှလာရောက်စစ်ဆေးခဲ့ခြင်း မရှိသောကြောင့် အစိုးရသစ်လက်ထက်တွင် ထပ်မံတိုင်ကြားရာ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာကော်မတီက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထီးတင်တောင်ကျေးရွာမှ ကိုကေစိုးက" ဒီမြေစာပုံကနေကျလာတဲ့မြေတွေက ကျွန်တော်တို့လယ်တွေ၊ စိုက်ခင်းတွေထဲ ကျပြီး ဖုံးကုန်တယ်။ ဘာမှလုပ်မရဘူး။ ဘာမှလည်း လုပ်မပေးဘူး။ အခုဆိုရင် နတ်နန်းလည်း မြုပ်တော့မယ်။ ဘုန်းကြီးကျောင်းလည်း အခြေအနေမကောင်းဘူး " ဟု ပြောပြောသည်။

အဆိုပါမြေစာပုံအနီးတွင် ထီးတင်တောင် ကျေးရွာပိုင် လယ်မြေဧက ၁၀၀ ကျော်ရှိနေပြီး ဧက ၃၀ ခန့်ပျက်စီးနေပြီဟု ဒေသခံတစ်ချို့က ဆိုသည်။

ထီးတင်တောင်ကျေးရွာမှဦးညွှန့်လွင်က " ဒီကုမ္ပဏီက ရွာကောင်းကျိုးပေးတာတော့ မရှိဘူး။ တောင်လည်းပျောက်တော့မယ်။ လယ်ယာတွေဆိုတာတော့ မြင်တဲ့အတိုင်းပဲ။ လုပ်ချင်သလိုလုပ်နေတော့တာပဲ။  တားမယ့်သူလည်းမရှိဘူး " ဟု ပြောသည်။

စွန့်ပစ်မြေစာပုံကြောင့် ရေမျက်ကျေးရွာတွင်လည်း ဧက ၂၀ ခန့် သဲဖုံးလွှမ်းနေကြောင်းနှင့်နေအိမ် ၈ လုံးလည်း ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများက ဆိုသည်။

ရေမျက်ကျေးရွာမှ ဦးမောင်ကြီးက " မိုင်းလဲခွဲတယ်ဗျာ။ အဲဒီခွဲတဲ့ ကျောက်စတွေကလည်း ရွာထဲကျတယ်။ ကျွန်တော့အိမ်က နီးတော့ မနေရဲဘူး ။ ရွှေ့ဖို့ကြတော့လည်း ခက်တယ်။ သူတို့ရွှေ့ဖို့တော့ ငါးသိန်းပေးပါတယ်။ အဲဒါနဲ့ကလည်း ဘာမှလုပ်မရဘူး။ မြေစာပုံကလည်း ဒီဘက် တအိအိကျနေတယ်။ မိုးရွာရင်ပိုဆိုးတယ်။ အိမ်တွေ စိုက်ခင်းတွေထဲ ဝင်တယ် " ဟု ပြောသည်။

ရေမျက်ကျေးရွာမှ ဒေါ်သိန်းလှကလည်း မြေစာပုံမှာ နေအိမ်အနီးထိရောက်နေ၍ နေထိုင်ရန်ခက်ခဲနေပြီး ကုမ္ပဏီသို့သွားရောက်ပြောဆိုခဲ့သော်လည်း ဘာမှမကူညီသည့်အပြင် စွန့်ပစ်မြေစာများကို နေအိမ်ဘက် ဆက်လက်စွန့်ပစ်နေသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ဦးထွန်းထွန်းဦး(သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ)က " ဒေသခံတွေ တိုင်ကြားလာလို့ မြေပြင်ကွင်းဆင်းစစ်ဆေးတဲ့အခါ တိုင်တဲ့အတိုင်းဖြစ်နေတာကို တွေ့ရတယ်။ တိုင်တဲ့ထက်ကို ဆိုးတာမြင်ရပါတယ်။ လက်ပံတောင်းပုံစံပါပဲ။ တူးဖော်နေတာတွေက ဘာမှစနစ်မကျဘူး။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သေချာကိုလုပ်ပေးရမှာပါ။ ဒီတွေ့ရှိချက်တွေကို အစိုးရအဖွဲ့ကိုတင်ပြပြီး ဆောင်ရွက်သွားပါမယ် " ဟု တွေ့ရှိချက်ကိုပြောသည်။

သိဒ္ဓိအောင်ရွှေ ရွှေတူးဖော်ရေး ကုမ္ပဏီတာဝန်ခံ ဦးထွန်းမြင့် က"ကျွန်တော်တို့ကလည်း ခွင့်ပြုချက်နဲ့လုပ်နေတာပါ။ အန္တရာယ်ဖြစ်နိုင်တဲ့ အိမ်တွေရွှေ့ပြောင်းတာလည်း ငွေပေးပါတယ်။ အိမ်တွေကို ကြည့်ပြီးပေးခဲ့ပါတယ်။ မြေစာပုံကိစ္စလည်း အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့လုပ်နေတာက အသေးစားပါ " ဟု ပြောသည်။

အဆိုပါကုမ္ပဏီသည် ဧက ၆၀ သာလုပ်ခွင့်ရထားသော်လည်း ဧက ၃၀၀ ကျော်လုပ်ကိုင်နေသည်ဟု ဒေသခံတစ်ချို့က စွပ်စွဲပြောဆိုသည်။

"အသေးစားသာပြောတယ်ဗျာ။ စက်ယန္တရားကြီးတွေနဲ့ လုပ်နေလိုက်တာ အကုန် ကုန်နေပြီ"ဟု ရေမျက်ကျေးရွာက ဦးလှဆောင်ကပြောသည်။

ဒေသခံများအနေဖြင့် လယ်ယာမြေစိုက်ခင်းများနှင့် နေအိမ်များဆုံးရှုံးပျက်ဆီးခဲ့ခြင်းကို တာဝန်ယူဆောင်ရွက်ပေးရန်နှင့် ကုမ္ပဏီအား ရပ်ဆိုင်ပေးရန် လိုလားလျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly