ဖိလစ်ပိုင်ရှိ အမေရိကန်သံရုံးနား သံသယဖြစ်ဖွယ်အထုပ်အား ဖောက်ခွဲဖျက်ဆီး

ဖိလစ်ပိုင်ရှိ အမေရိကန်သံရုံးနား သံသယဖြစ်ဖွယ်အထုပ်အား ဖောက်ခွဲဖျက်ဆီး

မနီလာ၊ နိုဝင်ဘာ ၂၈ ။              ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ အမေရိကန်သံရုံးအနီး လက်လုပ်ဗုံးဖြစ်ဖွယ်ရှိသည့် သံသယရှိ အထုပ်တစ်ထုပ်အား ရဲက ဖောက်ခွဲရှင်းလင်းခဲ့ရသည်။

ထိန်းချုပ်ဖောက်ခွဲမှုတွင် ထိခိုက်ပျက်စီးမှုမရှိ အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲမှူး ဂျိုးကိုရွန်နယ်က ပြောသည်။ အဆိုပါ ဖြစ်ရပ်ကြောင်း ယင်းနေရာပတ်ဝန်းကျင်တွင် ယာဉ်ပိတ်ဆို့မှုများ   ဖြစ်ပေါ်ခဲ့သည်။

သံရုံး၏ လုပ်ငန်းဆောင်တာများ ပုံမှန်ပင် ဆက်လက်လည်ပတ်ကာ ဗီဇာအတွက် စောင့်ဆိုင်းရသူများ ဒါဇင်များစွာ တန်းစီနေခဲ့ရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး အမေရိကန်သံရုံးမှ တာဝန်ရှိသူများက ထင်မြင်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

သံရုံးအနီးတွင် ဖုန်းအဟောင်းတစ်လုံးကို ဝါယာအနီအနက် ကြိုးများဖြင့် ဆက်သွယ်ထားသည့် အထုပ်တစ်ထုပ်ကို တွေ့ကြောင်း လမ်းသွားလမ်းလာတစ်ဦးက နံနက် ခုနစ်နာရီခန့်၌ ဖုန်းဆက်သတင်းပေးလာခြင်းဖြစ်ကြောင်း ကိုရွန်နယ်က ပြောသည်။

“အန္တရာယ်မရှိပါဘူး။ ထိတ်လန့်ဖို့မလိုပါ။ ဒီအထုပ်တွင်း ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ မပါပါဘူး။”ဟု ၎င်းက ပြောခဲ့သည်။

“ကြားရတဲ့ ပေါက်ကွဲသံက ကျွန်တော်တို့ ရဲဌာနက ဒီအထုပ်ကို ဖောက်ခွဲရှင်းလင်းပစ်တဲ့ အသံပါ။ ဒီအထုပ်ကို လာရောက်လွှင့်ပစ်ထားသူကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း မီဒီယာသို့ ပြောပိုင်ခွင့်မရှိ၍ အမည်ထုတ်ဖော်ခြင်း မရှိသည့် ရဲထောက်လှမ်းရေးအရာရှိတစ်ဦးက ထိုဖုန်းမှာ ၈၁ မမ မော်တာကျည်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီကျည် ပေါက်ကွဲနိုင်မနိုင်ကို ကျွန်တော်တို့ ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်။”ဟု ၎င်းအရာရှိက ရိုက်တာသို့ ပြောသည်။

မင်ဒါနာအိုရှိ အစ္စလာမ်မစ်အစွန်းရောက်များက ထိုကဲ့သို့ ဗုံးဖြင့် မော်တာကျည် ချိတ်ဆက်ဖောက်ခွဲမှုများကို လုပ်ဆောင်လေ့ရှိကြောင်း၊ စက်တင်ဘာလအတွင်းက ဒါဗာအိုမြို့တွင်  ဖြစ်ပွားခဲ့သည့်   ပေါက်ကွဲမှုမှာ ယင်းကဲ့သို့ ဗုံးနှင့် မော်တာကျည် ချိတ်ဆက်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly