ကင်မ်ကျုံအွန်က ကက်စထရို ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ကင်မ်ကျုံအွန်က ကက်စထရို ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
(ဓာတ်ပုံ - အီးပီအေ)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကျုံအွန်က ကျူးဘားသမ္မတဟောင်း ဖီဒယ်ကက်စထရိုကို ကျူးဘား တော်လှန်ရေးခေါင်းဆောင်နှင့် လူထုရဲ့ အထွဋ်အမြတ်ခေါင်းဆောင်လို့ ခေါ်ဆိုလိုက်ပြီး ၎င်းကွယ်လွန်သွားတဲ့အတွက် မိမိဝမ်းနည်းကြောင်း ထုတ်ဖော်ပြသသွားတယ်လို့ နိုင်ငံပိုင် KCNA သတင်းအေဂျင်စီအရ တနင်္ဂနွေက သိရပါတယ်။

ကင်မ်က နိုဝင်ဘာ ၂၅ ရက်နေ့က ဖီဒယ်ကက်စထရို ကွယ်လွန်သွားခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုထံ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

"ကျူးဘားပါတီ၊ အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုဝင်များသို့ မိမိ အလွန်အမင်း ဝမ်းနည်းကြောင်း ဖော်ပြပါတယ်"လို့ ကင်မ်က ပြောပါတယ်။

ဖီဒယ်ကက်စထရိုဟာ ကျူးဘားရဲ့ အချုပ်အခြာ အာဏာနှင့် ဂုဏ်သိက္ခာ၊ တိုင်းပြည်ရဲ့ ထမြောက်အောင်မြင်မှုနှင့် လူထုရဲ့ ပျော်ရွှင်မှုအတွက် မိမိရဲ့ အသက်ကို မြှုပ်နှံပေးအပ်သူ၊ လူထုရဲ့ စစ်မှန်တဲ့ ခေါင်ဆောင်းအဖြစ် ဂုဏ်ပြုခဲ့တယ်လို့ အဆိုပါ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ မှတ်ချက်ပြုထားပါတယ်။

"သူ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ အဖိုးထိုက်တန်တဲ့ စွန့်စားအောင်မြင်မှုတွေက ကျနော်တို့ နှစ်နိုင်ငံရဲ့ လူထုရဲ့ နှလုံးသားထဲမှာ အစဉ်အမြဲ တည်နေရှိနေလိမ့်မယ်"လို့ ကင်မ်က ပြောပါတယ်။

ဟာဗာနာနှင့် ပြံုယမ်းအကြား အယူဝါဒကွဲပြားမှုရှိနေပေမယ့်လည်း နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းမှုဟာ အကြီးအမား ရှိပါတယ်။

ဖီဒယ်ကက်စထရိုရဲ့ မြောက်ကိုရီးယားသို့ ပထမဆုံးနှင့် တစ်ကြိမ်တည်းသာ လည်ပတ်တာဟာ ၁၉၈၆ ခုနှစ်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း လက်ရှိခေါင်းဆောင်ရဲ့ အဘိုးနှင့် ဖခင်တို့ဖြစ်တဲ့ နိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းနှင့် ဆက်ခံသူ သူ့သား ကင်မ်ကျုံအီတို့နဲ့ အသီးသီး တွေ့ဆုံခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly