နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်-မြန်မာ သံတမန်ရေးနှင့် စစ်ရေး ဆွေးနွေးတိုင်ပင်မှု ပထမဆုံးပြုလုပ်

နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်-မြန်မာ သံတမန်ရေးနှင့် စစ်ရေး ဆွေးနွေးတိုင်ပင်မှု ပထမဆုံးပြုလုပ်

တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ််းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် ပထမဆုံး တရုတ်-မြန်မာ သံတမန်ရေးနှင့် စစ်ရေး ၂+၂ ဆွေးနွေးတိုင်ပင်ပွဲအား နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည်။

 အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဖက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင် ပူးပေါင်းဦးစီးဌာန လက်ထောက်အကြီးအကဲ ဗိုလ်ချုပ်ကြီး Xu Fenlin နှင့်   မြန်မာဖက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးကျော်တင်နှင့် တပ်မတော် အမှတ် ၁ အထူးစစ်ဆင်ရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ပူးတွဲသဘာပတိမူက ကျင်းပခဲ့သည်။

 တရုတ်နှင့် မြန်မာနိုင်ငံသည် ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား မဟာဗျူဟာပူးပေါင်းမှု မိတ်ဖက်ဆက်ဆံရေးက ကောင်းမွန်စွာ ဖွံ့ဖြိုးလျက်ရှိကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့သည်။

 နှစ်နိုင်ငံ ဘုံအကျိုးအမြတ်များအရ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်လည်း   နှစ်ဖက်သဘောတူညီမှု ရရှိသည်။

 နှစ်နိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် လုံခြံုရေး၊ ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့က အလွန်အရေးကြီးကြောင်း နှစ်ဖက်စလုံးက လက်ခံသဘောတူကာ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို ချုပ်ငြိမ်းသွားစေရေးအတွက် သက်ဆိုင်ရာအဖွဲ့တိုင်းက ပူးပေါင်းကြိုးပမ်းပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တရုတ်ဖက်က တိုက်တွန်းခဲ့သည်။

 ယခုဆွေးနွေးညှိနှိုင်းမှု မတိုင်မီ အကြိုတွေ့ဆုံမှုအား နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

 ဒုတိယမြောက် ဆွေးနွေးညှိနှိုင်းမှုအား တရုတ်နိုင်ငံအတွင်း ၂၀၁၇ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly