မန္တလေး၊ ဇူလိုင် ၁၈ ။ ။ မန္တလေးမြို့၊နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်အား ကျပ်သိန်း ၄၈၀ အကုန်ကျခံ၍ ပြုပြင် ထိန်းသိမ်းမှုများလုပ်ဆောင်နေရာ လာမည့် အောက်တိုဘာလတွင် အပြီးဆောင်ရွက်သွားမည် ဟုရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များ ဦးစီးဌာန၊(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ကပြောသည်။
ယင်းသို့ ပြုပြင် ထိန်းသိမ်းခြင်းများကို ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်မှစတင်၍ လုပ်ဆောင်နေခြင်းဖြစ် ပြီးအောက်တိုဘာလ အတွင်းအပြီး ဆောင်ရွက်သွားမည်ဟု ဦးညိုမြင့်ထွန်းကဆိုသည်။
မြနန်းစံကျော် နန်းတော်ကို ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်ရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရန်ပုံငွေများထဲမှနေ ၍ဆောင်ရွက်နေခြင်းဖြစ်သည်။
ဦးညိုမြင့်ထွန်းက “ပြုပြင်တဲ့နေရာ ရှေးမူမပျက်ပဲလုပ်တယ်။ နန်းတော်အဆောင်တွေ၊လောလောဆယ် ပြသာဒ် အမှတ် ၉ နဲ့၁၀ ကိုလုပ်နေပါတယ်။ ပြီးတော့မင်းတုန်းမင်းရဲ့ ဆွေတော်မျိုးတော်များရဲ့ အုတ်ဂူတွေရဲ့ ကြံ့ခိုင်ရေးတွေလုပ်နေတယ်။ “ ဟုပြော သည်။
မြနန်းစံကျော်ရွှေနန်းတော်ကြီးအား ၁၈၅၇ ခုနှစ်နှင့် ၁၈၅၉ ခုနှစ်ကြားတွင်တည်ဆောက်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်း မဟာမိတ်တပ်များ၏ ဗုံးကြဲမှုကြောင့်ပျက်စီးခဲ့ရာ ၁၉၈၉ ခုနှစ် နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကရှေးမူ မပျက်ပြန်လည် တည်ဆောက် ထားခဲ့သေးသည်။
လက်ရှိတွင် အရပ်သားများ နန်းတွင်းသို့ ဝင်ရောက်လေ့လာနိုင်ပြီး သတ်မှတ်ထားသည့် အရှေ့၊ အနောက် ၊ မြောက်ဘက် အပေါက်များမှ ဝင်ရောက်နိုင်ကာ ဂိတ်ပေါက်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(သို့) ယာဉ်မောင်း လိုင်စင် အပ်နှံထား ရမည်ဖြစ် သည်။