လားရှိုး-မူဆယ်ကားလမ်း၌ ပုံမှန်အတိုင်း ပြန်သွားလာနေပြီ

လားရှိုး-မူဆယ်ကားလမ်း၌ ပုံမှန်အတိုင်း ပြန်သွားလာနေပြီ

ချင်းမိုင်၊ နိုဝင်ဘာ ၂၃ ။  ။ နှစ်ရက်ကြာ တိုက်ပွဲများကြောင့် သွားလာမှုရပ်နားထားသည့် လားရှိုး-မူဆယ် ကားလမ်းများ နိုဝင်ဘာ ၂၃ရက်က ပုံမှန်ပြန်သွားလာနေပြီဟု မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဦးက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း အပါအဝင် မူဆယ်မြို့နယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့၊ ကွတ်ခိုင်မြို့၊ မူဆယ်စသည့် ဒေသအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့့တို့ တိုက်ခိုက်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေးကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

“ကုန်သွယ်ရေးကလည်း ဒီကနေသွားတဲ့ အင်ပို့ကားတွေကတော့ အကောက်အခွန်ဝန်ထမ်းတွေလည်း နည်းနည်း အလုပ်လုပ်နေပြီလို့တော့ ပြောတယ်။ ဒီကနေ တရုတ်ဘက်ကနေ မူဆယ်-၁၀၅ မိုင်ကို ဖြတ်ပြီးအောက်ကို သွားမယ်ဆိုရင် စာရွက်စာတမ်းစုံတယ်ဆိုရင်တော့ အကောက်ခွန်ဦးစီးဌာနက မြို့နယ်ရုံးမှာ စာရွက်စာတမ်းစစ်ဆေးပြီးတော့ လွှတ်နေပြီလို့ ပြောပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

သို့သော် ၁၀၅ မိုင်ရှိ မြန်မာ့ဘဏ်ကိုမူ ညွန်ကြားချက်အရ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

တရားဝင် ပိတ်ထားခြင်း မရှိသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့်သာ သွားလာမှု ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် ပုံမှန် သွားလာမှုများ ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

“တိုက်ပွဲဖြစ်လို့တာ လမ်းကြောင်းခန ပိတ်သွားတာ။ ပိတ်ပါတယ်ဆိုပြီး တရားဝင်မကြေငြာဘူး။ တိုက်ပွဲဖြစ်လို့ သူတို့ဘက်က လမ်းတွေကို ကန့်လန့်လုပ်ထားခဲ့တယ်။ အဲဒါတွေ ပိတ်သွားတာဘဲရှိတယ်။ ဒီနေ့တော့ ပုံမှန်အတိုင်းတော့ ပြန်လုပ် နေကြတာဘဲ။ အခုလည်း တချို့ အောက်ကနေ တက်လာတဲ့ ကားတွေ ဝင်လာတာလည်း တွေ့တယ်။ ဒီကနေ ဆင်းနေတဲ့ ကားတွေလည်း တွေ့တယ်။ ခရီးသည်တွေ ကားတွေလည်း သွားနေတာ တွေ့တယ်”ဟု ဆက်လက် ပြောဆိုသည်။

ထို့ပြင် မူဆယ်မြို့တွင် ကျောင်း၊ စျေးနှင့် ဘဏ်များ ပိတ်ထားရာမှ အခြေအနေ ပြန်လည်တည်ငြိမ်လာသောကြောင့် နိုဝင်ဘာ ၂၃ရက်တွင် စျေး နှင့် ဘဏ်များပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်း အမျိုးသား တပ်မတော် (TNLA)၊ ရက္ခိုင်တပ်မတော်(AA) စသည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့တို နိုဝင်ဘာလ ၂၀ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly