အငြင်းပွားကက်ရှ်မီးယားတွင် ခရီးသည်တင်ဘတ်စ်ကားအား အိန္ဒိယဖက်က လာသည့် အမြောက်ဆန် ထိမှန်၍ လူကိုးဦးသေဆုံး

အငြင်းပွားကက်ရှ်မီးယားတွင် ခရီးသည်တင်ဘတ်စ်ကားအား အိန္ဒိယဖက်က လာသည့် အမြောက်ဆန် ထိမှန်၍ လူကိုးဦးသေဆုံး

ကက်ရှ်မီးယား၊ နိုဝင်ဘာ ၂၃ ။         ။ အငြင်းပွားကက်ရှ်မီးယားဒေသတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးအား အိန္ဒိယဖက် အမြောက်ဆန် နယ်စပ်ဖြတ်ကာ ကျရောက်ထိမှန်၍ လူကိုးဦး အနည်းဆုံးသေဆုံးကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ပြောသည်။

ဘတ်စ်ကား အမြောက်ဆန်ထိမှန်မှုတွင် ဒဏ်ရာရသူ ကိုးဦးရှိသည်။ ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားအပိုင်းတွင် အိန္ဒိယဖက်က အမြောက်ဆန် ကျ၍ လူနှစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယစစ်သားသုံးဦး အသတ်ခံရပြီး တစ်ဦးမှာ အပိုင်းပိုင်းခုတ်ထစ်ထားခံရသည့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လက်တုံ့ပြန်သွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်ကြောင်း   အိန္ဒိယဖက်က အစောပိုင်းက ပြောထားသည်။

စက်တင်ဘာလအတွင်း အိန္ဒိယစစ်သား ၁၉ ဦး အသတ်ခံရပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေသည်။

၂၀၀၃ ခုနှစ် အပစ်ရပ်သဘောတူညီမှုအား ချိုးဖောက်နေသည်ဟု နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲထားကြသည်။

ခရီးသည်တင်ဘတ်စ်ကားသည် ကယ်အရပ်မှ မူဇာ့ဖာရာဘတ်သို့ ဦးတည်လာစဉ် နယ်စပ် အိန္ဒိယဖက်ခြမ်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အရပ်သားများကို တမင်ရည်ရွယ်ချက်ရှိရှိ အိန္ဒိယက ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက စွပ်စွဲထားသည်။ အိန္ဒိယဖက်က လတ်တလော ချက်ချင်းတုံ့ပြန်မှု မရှိသေးပေ။

ကူပဝါရာအရပ်တွင် စစ်ကင်းလှည့်ယာဉ် ခြံုခိုတိုက်ခိုက်ခံခဲ့ရကြောင်း အိန္ဒိယစစ်တပ်က နိုဝင်ဘာ ၂၂ ရက်က ပြောသည်။

“ဒီလို သူရဲဘောကြောင်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်။”ဟု အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ရာဂျက်ကာလီရာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags