သမ္မတတာဝန် စတင်ထမ်းဆောင်သည်နှင့် TPP မှ အမေရိကန်ကို နုတ်ထွက်စေမည်ဟု ဒေါ်နယ်ထရမ့်ပြော

သမ္မတတာဝန် စတင်ထမ်းဆောင်သည်နှင့် TPP မှ အမေရိကန်ကို နုတ်ထွက်စေမည်ဟု ဒေါ်နယ်ထရမ့်ပြော

နယူးယောက်၊ နိုဝင်ဘာ ၁၈ ။       ။ အိမ်ဖြူတော်သို့ ရောက်ပြီး ပထမရက်များအတွင်းမှာပင် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ပြုမှု ကုန်သွယ်ရေးသဘောတူညီမှု TPP မှ အမေရိကန်အား နုတ်ထွက်စေမည်ဟု ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်သည်။

ဒေါ်နယ်ထရမ့်က ဗီဒီယိုမက်ဆေ့ချ်ထုတ်ပြန်ကာ ဇန်နဝါရီတွင် ရာထူးတာဝန် စတင်ထမ်းဆောင်သည့် ပထမရက်များအတွင်း လုပ်ဆောင်သွားမည် လုပ်ငန်းစဉ်များကို ကြေညာလိုက်ခြင်းဖြစ်သည်။

TPP ကုန်သွယ်ရေးသဘောတူညီမှုအား ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းကို လွှမ်းခြံုနိုင်သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံက ပါဝင်သဘောတူထားခြင်းဖြစ်သည်။

ထိုပြင် ထရမ့်က ကျောက်မီးသွေး ထုတ်လုပ်မှုတွင် အလုပ်အကိုင်များကို ပိတ်ဆို့နေသည့် စည်းမျဉ်းများအား လျှော့ချသွားရန်နှင့် ဗီဇာအလွဲသုံးစားမှုများကို ရပ်တန့်အောင် လုပ်ဆောင်မည်ဟု ကတိပြုသည်။

သို့သော်လည်း မဲဆွယ်ကာလက ပြောထားသည့် သမ္မတဖြစ်သည်နှင့် လုပ်ဆောင်မည်ဆိုသော အိုဘားမားကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ရုပ်သိမ်းပစ်မည်နှင့် မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရံမည်ဆိုသည့် ကတိစကားများနှင့် ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။

စီးပွားရေးဆက်ဆံမှုများ ခိုင်မာရန်၊ အခွန်အတုပ်လျှော့ချခြင်းများ အပါအဝင် ဖွံ့ဖြိုးမှု မြှင့်တင်ရန် ရည်ရွယ်သည့် ကြီးမားသော သဘောတူညီမှုတစ်ရပ်ဖြစ်သည့် TPP သဘောတူညီမှုအား ၂၀၁၅ ခုနှစ်အတွင်းက အမေရိကန်၊ ဂျပန်၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က သဘောတူခဲ့ကြခြင်းဖြစ်သော်လည်း ပါဝင်သည့်နိုင်ငံများအနေဖြင့် အပြီးသတ်အတည်ပြု လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly