ရခိုင်ပြည်နယ်မှ ယခုနှစ်မိုးစပါးစိုက်တောင်သူများ အရှုံးပေါ်နိုင်

ရခိုင်ပြည်နယ်မှ ယခုနှစ်မိုးစပါးစိုက်တောင်သူများ အရှုံးပေါ်နိုင်

စစ်တွေ၊ နိုဝင်ဘာ ၂၂ ။               ။ ရခိုင်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါးစိုက် တောင်သူများမှာ စပါးစျေးကျခြင်း၊ စပါးထွက်နှုန်း နည်းပါးခြင်း၊ ရိတ်သိမ်းစရိတ် မြင့်မားနေခြင်းတို့ကြောင့် အရှုံးပေါ်နိုင်ကြောင်း ဒေသခံတောင် သူများက ခန့်မှန်းကြသည်။

ယခင်နှစ်က ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ဆန်များအား ပြည်တွင်းစျေးကွက်အပြင် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြရသည့်အတွက် ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ်များ   မြင့်မားစွာသုံးစွဲခဲ့ရသည့် အပြင် စပါးရိတ်သိမ်းရာသီတွင်လည်း လုပ်သားရှားပါးကာ အလုပ်သမားများအား အဆမတန်ပေးနေရခြင်းတို့ ကြောင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

“ဒီနှစ်မှာ စပါးရိတ်သိမ်းဖို့အတွက် အလုပ်သမားတွေ ငှားရတဲ့ စရိတ်က တော်တော်လေးကို မြင့်မားနေပါတယ်။ တစ်ဧကကို ဆယ်တင်းအထိ ပေးပြီးတော့ ငှားရတယ်။ သူများတွေပေးတော့လည်း ပေးရတာပါပဲ။ အချိန်မီ မ ရိတ်သိမ်းလိုက်ရင်လဲ စပါးတွေက ပျက်စီးသွားမှာဆိုတော့ ခိုင်းရတာပဲ။ အလုပ်သမားတွေဘက်ကလည်း စပါး စျေးတွေ ကျဆင်းနေတော့ အဲလောက် မရပြန်ရင်လည်း တွက်ခြေမကိုက်ဘူး” ဟု မြောက်ဦးမြို့နယ်မှ တောင် သူ ဦးမောင်သာထွန်းက ပြောသည်။

ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးစဉ်ကာလက စပါးစျေးမှာ တင်း ၄၀ ကို ကျပ် ၂ သိန်းခွဲဝန်းကျင်ရှိခဲ့ပြီး စပါးပေါ်ချိန် တွင် တင်း ၄၀ ကို ကျပ် ၁၂၀၀၀၀ ဝန်းကျင်ထိ စျေးကျဆင်းနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိစိုက်ပျိုးနေကြသည့် စပါးမျိုးစေ့များမှာ ဒေသမျိုးများကိုသာ စိုက်ပျိုးနေကြရသည့် အတွက် စပါးထွက်နှုန်းမှာလဲ လျော့နည်းလျှက်ရှိကာ တစ်ဧကလျှင် တင်း၄၀ ခန့်သာ အများဆုံးထွက်ကြောင်း ဒေသခံများထံမှ သိရသည်။

“စပါးစျေးတွေ ကျဆင်းနေတာကတော့ အရင် မဆလအစိုးရ လက်ထက်ကဆိုရင် အစိုးရကို တင်းဆပ်ရတာ ပေါ့။ အခုက အဲဒီထက် ပိုဆိုးနေတယ်လို့မြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စပါးစျေးကွက်တစ်ခုလုံးကို ကုန် သည်ကြီးများ အသင်းက ကိုင်တွယ်ထားတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ သတ်မှတ်လိုက်တဲ့ စျေးနှုန်းကိုပဲ လိုက်နေရတာပါ။ ထွက်ရှိတဲ့စပါးတွေကို ပြည်ပစျေးကွက် တင်ပို့နိုင်ဖို့အတွက် လယ်သမား အစုအဖွဲ့အလိုက် လုပ်ကိုင်နိုင်အောင် ပံ့ပိုးကူညီပေးသင့်ပါတယ်။ ဒီနှစ်မှာ ရိတ်သိမ်းစရိတ်တွေ မြင့်မားနေတာဟာ စပါးစျေးတွေမ တရားထိုးကျနေတဲ့အတွက်ကြောင့်   ဖြစ်တယ်လို့ သုံးသပ်ပါတယ်။” ဟု တောင်သူများ အရေးထောက်ပံ့ကူညီ ပေးနေသည့် ဦးမောင်သန်းကြည်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် ဝယ်ယူသူ နည်းပါးလျှက်ရှိနေပြီး ယခင်နှစ်များကကဲ့သို့ ပြည်ပသို့ တင်ပို့မှုမှာလည်း ရပ်တန့်လျက်ရှိရာ တောင်သူအများစုတို့မှာ  စျေးကောင်းရရှိရန်   မျှော်လင့်နေကြ သော်လည်း လက်ရှိတွင် အရှုံုးနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly