ဂျပန်မြောက်ပိုင်းတွင် ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိငလျင်လှုပ်ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်

ဂျပန်မြောက်ပိုင်းတွင် ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိငလျင်လှုပ်ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်

တိုကျို၊ နိုဝင်ဘာ ၂၂ ။         ။ ဂျပန်မြောက်ပိုင်းတွင် နိုဝင်ဘာ ၂၂ ရက်က ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်လှုပ်ရာ နိုင်ငံ၏ မြောက်ပိုင်း ပစိဖိတ်ကမ်းလွန်တွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်သည်။

အမေရိကန်ဘူမိတိုင်းတာရေးဌာနက အစောပိုင်း၌ ငလျင်ပြင်းအားကို ရ ဒဿမ ၃ ခန့်မှန်းခဲ့ရာမှ  နောက်ပိုင်း အဆင့် ၆ ဒဿမ ၉ သို့ လျှော့ချခဲ့သည်။ ဂျပန်မိုးလေဝသအေဂျင်စီက အဆိုပါငလျင်အား ပြင်းအား ရ ဒဿမ ၄ အဆင့် ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

တိုကျိုကပင် ခံစားရသည့် ယင်းငလျင်သည် ဖူကူရှီးမားပြည်နယ်ကမ်းလွန်တွင် အနက် ၁၀ ကီလိုမီတာ၌ ဒေသစံတော်ချိန် ၅ နာရီ ၅၉ မိနစ်တွင် ဗဟိုပြုလှုပ်ခဲ့ခြင်းဖြစ်သည်။

ဖူကူရှီးမားရှိ အိုနာဟာမာဆိပ်ကမ်းမှ စင်တီမီတာ ၆၀ အမြင့် ဆူနာမီလှိုင်းများကို ထောက်လှမ်းတွေ့ရှိရသကဲ့သို့ ဆိုမာအရပ်မှလည်း စင်တီမီတာ ၉၀ အမြင့်ရှိ ဆူနာမီလှိုင်းများကို တွေ့ရကြောင်း NHK အသံလွှင့်ဌာနက ဖော်ပြသည်။ ထိုဒေသတို့မှာ ၂၀၁၁ ခုနှစ်က အားပြင်းငလျင်ကြောင့် ဆူနာမီဒဏ် ကြံုတွေ့ခဲ့သည့် ဒေသများလည်းဖြစ်သည်။ ဆန်ဒိုင်းဆိပ်ကမ်းမှလည်း ၁ ဒဿမ ၄ မီတာရှိ ဆူနာမီလှိုင်းများကို တိုင်းတာရရှိသည်။

ငလျင်ကြောင့် ဆူနာမီသတိပေးချက်အနေဖြင့် သုံးမီတာအမြင့်ရှိသော လှိုင်းများဖြစ်ပေါ်မည်ဟု ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ NHK မှ သတင်းကြေညာသူက ပြည်သူများအား ကုန်းမြင့်ဒေသများသို့ သွားရောက်နေထိုင်ကြရန် တိုက်တွန်းထားသည်။ “ကျေးဇူးပြုပြီး အမြန်ချက်ချင်း ရွှေ့ပြောင်းကြပါ။”ဟု အရေးပေါ် ကြေညာပေးလျက်ရှိသည်။ ၂၀၁၁ ငလျင်ကြီးကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ရသည်။  

နံနက် ဆယ်နာရီတွင် ဂျပန်မိုးလေဝသအေဂျင်စီက မီယာဂျီနှင့် ဖူကူရှီးမားပြည်နယ်များအတွက် ဆူနာမီသတိပေးချက်ကို အဆင့်လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags