စပါးရိတ်သိမ်းခွင့် တားမြစ်ခံထားရသည့် လွှစာကျေးရွာမှ လယ်သမားများ စပါးရိတ်ခွင့်ပြုရန်တောင်းဆို

စပါးရိတ်သိမ်းခွင့် တားမြစ်ခံထားရသည့် လွှစာကျေးရွာမှ လယ်သမားများ စပါးရိတ်ခွင့်ပြုရန်တောင်းဆို
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၂၁ ။            ။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲ၊ လွှစာကျေးရွာမှ လယ်သမားများလုပ်ကိုင်နေသော လယ်မြေ ဧက ၂၇ဝဝ ကျော်ကို သစ်တောမြေဖြစ်၍ အစိုးရက တားမြစ်ခြင်းနှင့် ပတ်သက်၍ ဒေသခံ လယ်သမားများက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်၊ ရန်ကုန်မြို့၊ ၃၆ လမ်း၊ အလယ်ဘလောက်ရှိ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ရုံးခန်းတွင် အဆိုပါ တောင်သူ လယ်သမားများက စပါးများ ရိတ်သိမ်းခွင့်မရရှိခြင်း နှင့် ရိတ်သိမ်းတောင်သူလယ်သမားများ တရားစွဲဆို အရေးယူခံရ ခြင်းကိစ္စ နှင့်ပတ်သက်၍ လာရောက်ရှင်းလင်းကြခြင်း ဖြစ်သည်။

ရွှေကျွန်းသာရှိ အကွက်ကြီး အမှတ် ၆ သစ်တောမြေတွင် လယ်မြေအဖြစ် သစ်တောကျူးပြေစာဖြင့် လုပ်ကိုင်နေသော လယ်သမားများမှာ အိမ်ထောင် စု ၂၈ဝ ကျော်ရှိပြီး လုပ်ကိုင်လာသည် မှာ ၁၈ နှစ်ကျော်ရှိပြီးဖြစ်ကြောင်း၊ သစ်တောမြေ ဖြစ်သည့် အတွက် စပါးမရိတ်သိမ်းရဟု လပွတ္တာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ ၁၄၊ ၁၅ ရက်နေ့ ၀န်းကျင်က တားမြစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စပါးရိတ်သိမ်းသဖြင့် လယ်သမား ၄ ဦးနှင့် စပါးရိတ် သိမ်းခွင့် တောင်းခံသည့် လယ်သမား ရ ဦး၊ စုစုပေါင်း ၁၁ ဦးကို တရားစွဲထားကြောင်း လယ်ဧက ၃ဝ ကျော် လုပ် ကိုင်သည့် လယ်သမား ဦးမောင်ဦးက  ပြောသည်။

" တရားစွဲတဲ့ နည်းလမ်းကလည်း ဒါပိုင်ရှင်ပဲတဲ့။ ပိုင်ရှင်ပေါ်ရင် တရားစွဲခံပါတဲ့။ ပိုင်ရှင်မပေါ်တဲ့ လယ်တွေ ဥပမာ ကြောက်ပြီး ငြိမ်နေတဲ့သူတွေပေါ့။ ပိုင်ရှင်မပေါ်တဲ့ လယ်မြေတွေကို နိုင်ငံတော် အရံဆန်အဖြစ် သိမ်းပစ်မယ်။ အလေ့ကျ ပေါက်တယ်ဆိုပြီး သိမ်းပစ်မယ်ဆိုပြီး ပြောပါတယ်။ "ဟု ဦးမောင်ဦး ကပြောသည်။

လပွတ္တာမြို့နယ်တွင် သစ်တောကြိုးဝိုင်းကြီး ၄ ဝိုင်းရှိကာ ဧကအားဖြင့်  ၂ သိန်းဝန်းကျင်ခန့်ရှိပြီး အဆိုပါ ကြိုးဝိုင်းမြေ နေရာများတွင် လယ်သမားများမှာ သစ်တောကျူးပြေစာဖြင့် နှစ်ပေါင်းများစွာလုပ်ကိုင် ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် မတိုင်ခင်အထိ သစ်တောကျူးပြေစာနှင့် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုကော်မတီ (ဗ.ယ. က) မှ (ဗ.ယ.က) ပုံစံပြေစာကို ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများ လယ်စိုက်ရန် ထုတ်ပေးခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်တွင် အဆိုပါ လယ်ယာမြေများကို သစ်တောမြေအဖြစ်မှ ဖျက်သိမ်းပေးမည်ဆို၍ သစ်တောဦးစီးဌာနမှ တိုင်း တာခဲ့ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ် အမှု ဆောင် ဦးမြင့်ဆွေက ပြော သည်။

" သစ်တောထဲမှာ ကျူးကျော်ပြီးတော့ စိုက်ပျိုးထားတဲ့အတွက် ပြေစာလေးတွေနဲ့ အခွန်အကောက်လေးတွေ အရင် တုန်းက ကောက်တယ်။ အခုတော့ မကောက်တာ နှစ်နှစ်လောက်တော့ ရှိ်သွားပြီ။ သစ်တောကြိုးဝိုင်း အဖြစ် သတ် မှတ်ထားတဲ့ ဒီဧရိယာထဲမှာ ရွှေကျွန်းသာဆိုတဲ့ အစိတ်အပိုင်းလည်းပါတယ်။ " ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် ကြာကန်ကွင်းပေါက် သစ်တောကြိုးဝိုင်းတွင်ပါဝင်သည့် ရွှေကျွန်းသာကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်မိန့် ချထားသော်လည်း ယခုဖြစ်ပေါ်နေသည့် အကွက်ကြီး အမှတ် ၆ လယ််မြေဧက ၂၇ဝဝ ကျော် မပါဝင်သည့်အတွက် ယခု ကဲ့သို့ ပြဿနာဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဦးမြင့်ဆွေက ရှင်းပြသည်။

ပယ်ဖျက်မိန့်ဆိုသည်မှာ သစ်တောမြေအဖြစ်မှ ပယ်ဖျက်မိန့်ဖြစ်ပြီး ပယ်ဖျက်မိန့်ကျပါက အဆိုပါမြေမှာ မြေလွတ်၊ မြေ ရိုင်းဖြစ်ကာ လက်ရှိစိုက်ပျိုးထားသော လယ်သမားက လယ်ယာမြေလုပ်ပိုင်ခွင့်   လျှောက်ထားနိုင် ကြောင်း မြန်မာနိုင် ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးမြင့်ဆွေက ပြောပြချက်အရသိရသည်။

အဆိုပါ ကိစ္စများကို လပွတ္တာမြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အရေးကြီးအစည်းအဝေးလုပ်နေသည်ဟုဆိုကာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly