ကား၊ ကုန်စျေးနှုန်း၊ တပြံုးပြံုး

ကား၊ ကုန်စျေးနှုန်း၊ တပြံုးပြံုး
ရန်ကုန်မြို့ ၃၈ လမ်းရှိ လမ်းဘေးပျံကျဈေးသည်များအား မေလ ၂၉ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

စိတ်မသက်မသာ ဖတ်ရကြားရပြန်ပြီ။

မောင်မှန်တို့ ပြည်သူ့အချစ်တော် လိုင်းကားများရဲ့ လက်စွမ်း၊ ခြေစွမ်းပြမှုတွေပေါ့။ ဗမာတစ်ပြည်လုံးက လူရမ်းကားတွေ ရန်ကုန်လိုင်းကားတွေမှာ လာစုနေသလား အောက်မေ့ရတယ်။ (အကုန်လုံးတော့ မဆိုလိုပါဘူး။ အများစုကတော့ အမှန်ပဲ) ရန်ကင်း ၁၂ လုံးတန်းမှတ်တိုင်မှာ မြောက်ဒဂုံ-ဆူးလေ ပြေးဆွဲတဲ့ BM ယာဉ် စပါယ်ရာရဲ့ ကျူးလွန်မှုကို အဲဒီအနားက စျေးသည်တစ်ဦးက ခုလို ပြန်ပြောပြပါတယ်။

"ကျနော်က အဲဒီနားမှာ စျေးရောင်းနေရင်း လူတွေ လူတွေ ရုတ်ရုတ်ဖြစ်လို့ သွားကြည့်တော့ အဲဒီနားမှာ အဘိုးအိုတစ်ယောက် သွေးတွေနဲ့ ထိုင်နေတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျနော်လည်း မေးကြည့်တော့ အဘိုးအိုက သူတစ်မှတ်တိုင် ကားစီးလို့ ငွေ ၁၀၀ ပေးတာကို ယာဉ်နောက်လိုက်က ၂၀၀ တောင်းတယ်တဲ့။ အဘိုးအိုက ပြန်ဆင်းမလို့ လုပ်နေတုန်း ယာဉ်နောက်လိုက်က ဒူးနဲ့တိုက်ချတယ်။ အဲဒီမှာပဲ အဖိုးအိုက ပြုတ်ကျသွားတယ်။ ပြီးတော့ အဲဒီယာဉ်နောက်လိုက်က အဘိုးအိုမျက်နှာကို လက်သီးနဲ့ထိုးတယ်။ ကျနော်လည်း အဲဒါနဲ့ ပြုစုပြီး စခန်းကို တိုင်ချက်ဖွင့်ဖို့့ လိုက်သွားတယ်" တဲ့။

ယာဉ်စီးခပိုတောင်းတယ်၊ မရတော့ ဒူးနဲ့တိုက်တယ်၊ လက်သီးနဲ့ထိုးတယ်၊ (ဒူးပျံတိုင်းကျော်ရဲ့ Fist of Fury  ပေ့ါ)။ မတရားတောင်းတာ မရလို့ မတရားလုပ်တဲ့အမှုပါ။ တစ်လောလေးကလည်း သင်္ဃန်းကျွန်း ဘဝမြင့် မှတ်တိုင်နားမှာ ရိုက်ကြနှက်ကြ လုပ်ခဲ့ကြပြီးပြီ။ မကြာသေးမီကလည်း မေတ္တာလှိုင်းကားက ဒုတ်ဆွဲဓါးဆွဲပြီး ဒေါသလှိုင်းတွေ ထန်ပြခဲ့ပြီးပြီ။ ပြီးခဲ့တဲ့ သုံးလလောက်ကများဆို မရမ်းကုန်း လမ်းဝမှတ်တိုင်မှာ ကားခပိုတောင်းရင်း ခရီးသည်ကို သတ်တောင်ပစ်လိုက်ကြသေး။ (အဲဒီအမှုလည်း နောက်ဘာဆက်ဖြစ်သွားမှန်း မသိတော့ဘူး) အခု လုပ်ချလိုက်ပြန်ပြီလေ။ ဒီကိစ္စမှာတော့ စပါယ်ယာကို ရန်ကုန်ရဲအက်နဲ့ ဖမ်းပြီး ထောင် ၈ ရက် ချလိုက်ပါပြီ။ နောက်ပုဒ်မတွေနဲ့ အမှု ထပ်ဖွင့်သွားဦးမယ်လို့လည်း သိရပါတယ်။ ခံရတာက အရင် အရေးယူခံရတာတော့ နောက်မှပေါ့။ ဒါမျိုးတွေက ခုနောက်ပိုင်း ခပ်စိပ်စိပ်လေး ဖြစ်လာပါတယ်။

လိုင်းကားတွေ ၅၀ တန်ကို လုပ်ကြံခဲ့ကြတာ ကြာပြီ။ အခု ၁၀၀ တန်ကို လုပ်ကြံနေကြပြန်ပြီ။ ၁၀၀ တန် ခရီးဆိုတာ ကားနံရံမှာ ကပ်ထားတဲ့ ယာဉ်စီးခနှုန်းထားပေါ်မှာပဲ ရှိတော့တယ်။ (အဲဒီ ယာဉ်စီးခ နှုန်းထားစာရွက်လည်း ကားအတော်များများမှာ မတွေ့ရတော့ပါဘူး။) ကားပေါ်တက်တာနဲ့ ၂၀၀ ကနေ ၅၀၀ အထိ တောင်းနေကြပြီ။ နေကလေးစောင်းတာနဲ့ အကြောင်းအမျိုးမျိုးပြပြီး ကားခ ပိုတောင်းနေကြပြီ။ တိုင်ကြားရန် ဖုနး်နံပါတ်တွေ ရေးထားပေမယ့် တကယ်တို်င်ဖို့ကျ အဆင်မှမပြေတာ။ ဘာမှ ရေရေရာရာ ဖြေရှင်းပေးတာ မရှိဘူး။ တလောက သတင်းတွေဖတ်ရတော့ စက်တင်ဘာ ၁၅ မှာ မထသ ကို ဖျက်မယ်၊ အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းထောင်မယ်ဆိုပြီး လက်တွေ့မှာ မဟုတ်ပြန်ဘူး။ အဲဒီ သတင်းကြောင့်ပဲ ကားသမားတွေ ပိုဆိုးလာသလိုလို မ.ထ.သ က ပြောသေးတယ်။

ရန်ကုန်မြို့မှာ လူဦးရေ ခြောက်သန်းဝန်းကျင် နေတယ်။ အများစုကြီးက လိုင်းကားကို အားပြုကြရတယ်။ ရန်ကုန် ကုန်ထုတ်လုပ်မှုရဲ့ ပင်မသွေဒကြောကြီးတွေထဲမှာ လိုင်းကားဟာလည်း တစ်ခုအပါအဝင်ပဲ။ လိုင်းကားသမားတွေ ထင်တိုင်းကြဲနေတာကို တိကျထိရောက်စွာ အရေးမယူဘဲ ဒီအတိုင်း ပစ်ထားတာဟာ အခြားရည်ရွယ်ချက်တွေများ ရှိနေသလား မဆိုနိုင်ဘူး။ ကားခ ပိုတောင်း၊ မတောင်းကို မထသက အသွင်ယူ စုံစမ်းထောက်လှမ်းမှုတွေ လုပ်တယ်လည်း ဆိုတယ်။ (သူတို့ကိုယ်သူတို့ ထောက်လှမ်းရေးလို ဘာလိုလိုနဲ့ ဆင်တစ်ကောင်လုံး တွေ့ပြီးသားကို ဆင်ခြေရာ ပြန်ရှာနေကြတယ်။)

တိုင်းဝန်ကြီးချုပ်ကလည်း BRT လိုင်းကားကို လိုက်စီးပြတယ်။ တစ်ခါလောက် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ BM တွေ လာစီးလှည့်ပါဦး။ ပြည်သူ့ဘဝ ကွင်းဆင်းလေ့လာတဲ့သဘောပေါ့။ ဒါပေမဲ့ ဝန်ကြီးချုပ် အဆောင်အယောင်နဲ့တော့ မလာနဲ့နော်။ ရှေးဘုရင်များ တိုင်းပြည်အနှံ့ စနည်းနာထွက်သလို ရုပ်ဖျက်လာမှ ဖြစ်မှာ။ ဒါမှလည်း စစ်မှန်တဲ့ BM အရသာကို မြည်းစမ်းသိရှိနိုင်မှာပါ။ သိရှိမှ ဘယ်လို ဖြေရှင်း ဆောင်ရွက်ရမလဲဆိုတာ ထပ်သိမှာပါ။ ဒီလိုမှ မဖြေရှင်းနိုင်ရင်တော့ ရှင်ကြီးကို လက်သန်းနဲ့ ကိုးခဲ့ကြတဲ့ ပြည်သူတွေဟာ ကျားထက်ဆိုးပါသလားလို့ ဒီမိုကရေစီ အစိုးရဆိုတာကြီးကို အဓိပ္ပါယ် ဖွင့်ကြတော့မှာပါခင်ဗျာ။

တိုးတိုးပြီး တောင်းလာတဲ့ ကားခတွေနဲ့အပြိုင် ကုန်စျေးနှုန်းကိစ္စလည်း ရှိပါသေးတယ်။ ရန်ကုန်စျေးနှုန်းဆိုတာကြီးကလည်း ဒီမိုကရေစီ အစိုးရ တက်လာရင် ကျကောင်းရဲ့လို့ တွေးမိတဲ့အထဲ   မောင်မှန်လည်း ပါပါတယ်။ ဒီမိုကရေစီ အစိုးရဆိုတာ စစ်အစိုးရ မဟုတ်တော့တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ အလုပ်အကိုင် အခွင့်အလန်းတွေ ပိုပွင့်လန်းလာမယ်။ နိုင်ငံတကာနဲ့ ကုန်သွယ်မှုတွေလည်း ပိုဖွံ့ဖြိုးလာမယ်၊ စသည်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို မေ့ထားပြီး အတွေးကြီးဝင် စိတ်ကြီးဝင်မိတာ မောင်မှန်ပါ။ ခုထိတော့ မောင်မှန်ထင်သလို မဟုတ်သေးပါဘူး။ ထင်သာထင် မဝင်ဘူးကျောင်းအမရေဆိုသလို ဖြစ်နေပါပြီ။ ၁၆.၁၁.၁၆ နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပန်းတောင်း မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က   မေးခွန်း မေးပါတယ်။ အရပ်ရပ် ကုန်စျေးနှုနး် တရိပ်ရိပ် တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ် ရှိပါက မည်သို့မည်ပုံ ဆောင်ရွက်နေသည်ကို သိရှိလိုပါသည်။ ထို စီစဉ်ဆောင်ရွက်နေမှုသည် ပြည်သူတို့၏ လူမှုဘဝအတွက် မည်မျှအထိ အကျုုိးသက်ရောက်မှု ရှိမည်တို့ကို သိရှိလိုပါသည် တဲ့။ အော် မေးခွန်းက မရိုးနိုင်တဲ့ မေးခွန်းပါ။ ခေတ်အဆက်ဆက် ကာတွန်းဆရာတွေက ကာတွန်းနဲ့မေး။ သံချပ်ဆရာတွေက သံချပ်နဲ့မေး၊ စာရေးဆရာ ကဗျာဆရာတွေက စာကဗျာတွေနဲ့မေး၊ နိုင်ငံရေးသမားတွေက ထောင်နဲ့(ရင်းပြီး) မေးခဲ့ကြတဲ့ မေးခွန်းပါ။ အဖြေကလည်း အားလုံးသိပြီးသားပါ။ ဒါပေမဲ့ အဲဒီတုန်းက အဖြေမှန်စစ်စစ်က တရားမဝင်ဘူး။ အဖြေအတုကပဲ တရားဝင်တာ။ အဖြေအတုတွေက ကုန်စျေးနှုနး်ကျဖို့ ဆောင်ရွက်နေပါတယ်။ အစီအမံတွေက ဘယ်လိုပါ၊ ဆိုရှယ်လစ် စီးပွားရေး စီမံကိန်းအရ ဘယ်သို့ဘယ်ညာ စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုး အကောင်အထည်ဖော်ရေးက ဘာဘာညာညာ အစရှိသည်ဖြင့််ပေါ့၊ အခု ပြည်ထောင်စု စီးပွား ကူးသန်းဝန်ကြီးက စဖြေရာမှာ ၁၀ မိနစ်တိုင်အောင် ဝေ့ဝိုက်ကြည့်ပါသေးတယ်။ မေးခွန်းရှင်ကရော လွှတ်တော်ဥက္ကဌကပါ ဝိုင်းပြီး ဘေးတီးတော့မှသာ ဝန်ကြီးကလည်း တည့်(ဒဲ့)ပြန်ကစ်တော့တာပါ။ "ကုန်စျေးနှုန်းများကို အစိုးရက တိုက်ရိုက်ထိန်းချုပ် ဆုံးဖြတ်ပေးခြင်းမပြုဘဲ ရောင်းလိုအား၊ (Supply)နှင့် ဝယ်လိုအား (Demand)တို့အပေါ် မူတည်၍ သတ်မှတ်ဆုံးဖြတ်ခြင်း ဖြစ်ပါသဖြင့် ထိန်းညှိခြင်းကိုသာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် စျေးကွက်စီးပွားရေးစနစ်အရ ကုန်စျေးနှုန်းအား အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်" လို့ ဝန်ကြီးက ဖြေပါတယ်။ ဒီဘဝအတွက်တော့ နှမလက်လျှော့ နေလေဦးပေါ့ကွယ်ပါ။ ဒါ တရားဝင် အဖြေစစ်၊ အဖြေမှန်ပါပဲ။ မောင်မှန် လူတတ််ကြီးလုပ်ပြီး သုံးသပ်ရရင် ဝန်ကြီးအဖြေဟာ စီးပွားရေး သီအိုရီတွေအရတော့ သွေးထွက်အောင် မှန်ကြောင်းပါ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly