ရခိုင့်သယံဇာတ ခွဲဝေခွင့်အတွက် ခရီးရှည် လမ်းလျှောက်ချီတက်မှု စတင်

ရခိုင့်သယံဇာတ ခွဲဝေခွင့်အတွက် ခရီးရှည် လမ်းလျှောက်ချီတက်မှု စတင်
ဓာတ်ပုံ - RiA

စစ်တွေ၊ နိုဝင်ဘာ ၂၁ ။             ။ ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိသည့် သယံဇာတများအား ရခိုင်ပြည်နယ်အစိုးရမှ ခွဲဝေသုံးစွဲခွင့်ရရှိရေး မိုင် ၃၀၀ ကျော် ရှည်လျားသည့် လူထု ခရီးရှည်လမ်းလျှောက်ချီတက်မှု တစ်ရပ်ကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် စတင်လိုက်ကြသည်။

စစ်တွေမြို့နယ်မှ ကျောက်ဖြူမြို့ထိ ချီတက် လမ်းလျှောက်မည်ဖြစ်ပြီး ခရီးစဉ် တလျှောက် ကျေးရွာများနှင့် မြို့နယ်များတွင် ဟောပြောပွဲများပါ ပြုလုပ်မည်ဖြစ်ကာ အချိန်အားဖြင့် ၁၃ ရက်ခန့်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု စီစဉ်သူများက ပြော သည်။

လမ်းလျှောက်ချီတက်ပွဲကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ လူမှုအဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ အစည်းများ၊ မြေယာအရေး လှုပ်ရှားသူတို့ ပါဝင်ကာ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦး ဆောင်ပြုလုပ်နေခြင်း ဖြစ်သည်။

“ရခိုင်ကနေ ထွက်တဲ့ သယံဇာတတွေကို ထုတ်ရောင်းထားတာ ရှိသလို၊ မရောင်း ရသေးတာလည်း အများကြီးပါ။ ဒါပေမယ့် မြန်မာပြည်မှာ ရခိုင်ပြည်နယ်က အဆင်းရဲဆုံးဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ တောင်းဆိုရတာပါ။ လူထုအနေနဲ့ လည်း ကျနော်တို့နဲ့ ပူးပေါင်းဖို့ မျှော်လင့်ပါတယ်။” ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် အတွင်းရေးမှူး ဦးထွန်းကြည်က ပြောသည်။

ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာအရ သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တို့ကို  ဗဟိုအစိုးရမှ ချုပ်ကိုင်ထားမှုလျှော့ချပြီး   ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တို့ကို ခွဲဝေမှသာလျှင် နိုင်ငံအတွက် ပိုမိုအကျိုးရှိမည်၊  ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိမည်ဟု  တိုက်တွန်းထားသည်။

ဗဟိုအစိုးရချုပ်ကိုင်ထားမှုကို ဖြေလျှော့ရန်အတွက် အခြေခံဥပဒေပါ ရေ၊ မြေ၊ သဘာဝသယံဇာတ ဆိုင်ရာ ပြဋ္ဌာန်းချက် များကို ပြင်ဆင်ရမည်ဟု ယင်းအဖွဲ့၏  အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ရောင်းချခြင်းဖြင့် ဗဟိုအစိုးရက နှစ်စဉ် ဒေါ်လာတစ်ဘီလျံမက ရရှိနေချိိန်တွင် ဒေသခံတို့မှာ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ မြေယာ အသိမ်းခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ယခု ခရီးရှည်လမ်းလျှောက်ချီတက်မှုမပြုမီ သယံဇာတခွဲဝေခွင့်အတွက် ဒေသခံ လူထုလက်မှတ် သုံးသိန်းခန့်ကိုကောက် ခံခဲ့ကြပြီး ယင်းလက်မှတ်များကို လွှတ်တော်သုံးရပ်နှင့် အစိုးရကို ပေးပို့သွားမည်ဖြစ်ကြောင်း ရခိုင့်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ သိရသည်။

ယနေ့ စတင်သော လမ်းလျှောက်ချီတက်မှုတွင် ရခိုင်ပြည်နယ်မှ လူမှုအဖွဲ့အစည်း ၂၅ ခုနှင့် စိတ်ပါဝင်စားသူ စစ်တွေ ဒေသခံ ၁၂၀ ဦး ပါ၀င်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly