အာရှက ကုန်သွယ်ရေးသဘောတူညီမှုများအပေါ် ထိပါးပြောထားခြင်းအတွက် ဒေါ်နယ်ထရမ့်အား တရုတ်နိုင်ငံပိုင် သတင်းစာက သတိပေး

အာရှက ကုန်သွယ်ရေးသဘောတူညီမှုများအပေါ် ထိပါးပြောထားခြင်းအတွက် ဒေါ်နယ်ထရမ့်အား တရုတ်နိုင်ငံပိုင် သတင်းစာက သတိပေး

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၉ ။            ။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ကျုံ့လှီသွားနိုင်မှုအပေါ် စိုးရိမ်မှုများဖြင့် အာရှ-ပစိဖိတ်ခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးကျင်းနေစဉ် အာရှရှိ ကုန်သွယ်ရေး သဘောတူညီမှုများအပေါ် ထိပါးပြောခဲ့ဖူးသည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အား တရုတ်နိုင်ငံပိုင် သတင်းစာက သတိပေးလိုက်သည်။

ကြမ်းရှရှစကားများဖြင့် မဲဆွယ်မှုကာလအတွင်း ဒေါ်နယ်ထရမ့်က မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ NAFTA ကဲ့သို့သော စာချုပ်များကို ပြန်လည်ဆွေးနွေးမည် ကတိပြုထားခြင်းနှင့် တရုတ်ကဲ့သို့ နိုင်ငံများမှ တင်သွင်းကုန်များအပေါ် တင်သွင်းခွန်ကောက်ခံမည်ဟု ပြောထားခြင်းများကြောင့် အမေရိကန်ကုန်သွယ်ဖက်နိုင်ငံများအတွက် စိုးရိမ်သောက ဖြစ်စေသည်။

“ကုန်သွယ်ရေးအပေါ်မှာ ထရမ့်ရဲ့ မူဝါဒပြောထားချက်တွေက အာရှ-ပစိဖိတ်က ပိုမိုလွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှု နောက်ဆုံး အထမြောက်မည်ဆိုတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပဲဖြစ်တယ်။”ဟု ဆင်ဟွာသတင်းဌာနက အတွေးအမြင် ဆောင်းပါးတွင် ဖော်ပြသည်။

“ပိုဆိုးတာက ထရမ့်ရဲ့ ကုန်သွယ်ရေးသဘောထားက သူ့နိုင်ငံကို တရွတ်ဆွဲစေမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအတွက်လည်း ပိုမိုစိတ်သောက ဖိစီးစရာဖြစ်လာမှာပဲဖြစ်တယ်။”ဟု တရုတ်အစိုးရ၏ သဘောထားဖြစ်သော ဆင်ဟွာသတင်း၌ ဖော်ပြသည်။

ထိုပြင် ဖော်ဆောင်လျက်ရှိနေသည့် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ပြုမှု TPP လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု၌ တရုတ်အား ချန်လှပ်ထားခြင်းဖြင့် ကုန်သွယ်ရေးနယ်ပယ်ကို မြှင့်တင်နိုင်မည့် အကြောင်းချင်းရာမဟုတ်ကြောင်း၊ ယင်း TPP က သမ္မတအိုဘားမား၏ ဒေသတွင်း အမေရိကန်ကြီးစိုးရေး မဟာဗျူဟာသာ ဖြစ်ကြောင်းလည်း ရေးသားထားသည်။

အဆိုပါ ရေးသားချက်ကို ဖော်ပြလာသည်မှာ သမ္မတအိုဘားမား၊ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပစိဖိတ်ဒေသခေါင်းဆောင်များက ပီရူးတွင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ဖိုရမ်တွင် စည်းဝေးတွေ့ဆုံလျက်ရှိသည့် အချိန်တွင် ဖော်ပြလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly